Sep 11, 2011

ကျနော် သိမ်းထားချင်တဲ့ အမှတ်တရများ

လွန်ခဲ့တဲ့ တစ်နှစ်ကပါ။
အဲ့ဒီညက လမင်း သာတယ်.. ။
ကြယ်တွေလဲ စုံတယ်..။
ရာသီဥတု က မျက်နှာကြည်လင်နေတဲ့ အချိန်ဆိုပါတော့။
စင်္ကာပူဆိုတဲ့ ကွန်ကရစ်တိုက်ခန်းသေးသေးလေးတွေရှိတဲ့ မြို့က တိတ်ဆိတ်နေတဲ့ ညတစ်ညပေါ့။
လူရိုင်းတွေ .. ဗုံတစ်လုံးကို ပယ်ပယ်နှယ်နှယ် တီးနေသလို ကျနော် ရင်တွေခုန်နေခဲ့တယ်။
ခဏနေတော့ သူမ ( နောင်တစ်ချိန်မှာ ကျနော့်ရဲ့ အလင်းနတ်သမီး ဖြစ်လာခဲ့တယ် ) ကျနော်စောင့်နေတဲ့ နေရာကို
ဆင်းလာခဲ့တယ်။ အစတော့ ကျနော့်ကို မကြည့်ဘူး ခေါင်းငုံ့နေတယ်။ နောက်တော့ ရဲရဲတင်းတင်း မော့ကြည့်တယ်။
သူမ မျက်လုံးက မဲနက်ဝိုင်းစက်နေတာ။ နှင်းအထပ်ထပ်ကို ထိုးခွဲပစ်လိုက်တဲ့ လမင်းရဲ့ အလင်းမျိုးနဲ့ တောက်ပနေတာ။
ကျနော် တုန်လှုပ်သွားခဲ့တယ်။ အရှိန်ပြင်းပြင်းနဲ့ ၀င်ဆောင့်ခံလိုက်ရသလို ကျနော် 'အင့်' သွားခဲ့တယ်။
"ဘာဖြစ်လို့လဲ" တဲ့ သူမက
ကျနော့်က "ခင်များ မျက်လုံးလေး သိပ်လှတယ်လို့"
အဲ့လိုနဲ့ ကျနော်တို့ နှစ်ယောက်ရဲ့ ဇာတ်လမ်းက ရီဝေေ၀ လေး စ ခဲ့တယ်။

ဘီလူးတစ်ကောင်ရဲ့ စန္ဒယားလက်သံတွေနဲ့ အတူ ကျနော် အိပ်မပျော်ဘူး။
ကျနော့် အတွေးတွေထဲမှာ သူမက ဘုရင်မချည်းပဲ လုပ်သွားတယ်။ ကျနော် သေတာပေါ့။ သံသရာမှာ ကပ်စွဲဦးမယ့်
သံယောဇဉ်မျိုး သူမနဲ့ ကျနော်နဲ့ ကြားမှာ တဖြည်းဖြည်းနဲ့ .. ရစ်ပတ်ချည်နှောင် .. ။

"ပုံ့" ကျနော်က သူ့ကို ခေါ်လိုက်တယ်.. သူမ က
"အစ်ကို ဒီမှာကြည့် . ပုံ့ စက္ကူချိုးထားတဲ့ နှင်းဆီပန်းလေးတွေ လှလား "
ခပ်သွယ်သွယ်လက်ချောင်းလေးတွေ .. တီထွင် ဆန်းသစ်နိုင်မှုတွေ .. အနုပညာဟာ သူ့မ လက်ချောင်းတွေထိပ်မှာ မီးလိုပွင့်နေတယ်လေ။ သိပ်ကို အံ့သြစရာကောင်းတဲ့ ကောင်မငယ်လေး ပေါ့။
သူမက ပြောသေးတယ် ..
"ပုံ့ က ဘာ နက္ခတ်နဲ့ ယှဉ်ပီး မွေးလာတဲ့ လူလဲ မသိဘူးနော်" တဲ့။ ကျနော် ဖြေပါတယ် ..
"လမင်း သေ လို့ ၀င်စားတာ ဖြစ်ရမယ် " လို့ ။

အဲ့လိုနဲ့ . ကျနော်နဲ့ သူမ. မြူမှုန်တွေ ဝေ့၀ဲနေတဲ့ ညတွေမှာ.. ကစားကွင်းတွေထဲ အတူဆော့ခဲ့ကြတယ်။
Only love သီချင်းကို တမေ့တမော နားထောင်ခဲ့ကြတယ်။
တစ်ယောက်လက် တစ်ယောက်တွဲပီး လမ်းမီးတိုင်တွေ အောက်မှာ က ခုန်ခဲ့ကြတယ်။
ဒါပေမယ့် ( ကျနော့်ရဲ့ မရင့်ကျက်မှုကြောင့်ဖြစ်ခဲ့ရတဲ့ ) သူမနဲ့ ကျနော် ရန်တွေလဲ ဖြစ်ခဲ့ကြတယ်။
အဲ့ဒါဟာ.. ကျနော့် ကမ္ဘာကို မှောင်သွားစေမယ့် နတ်ဆိုးတစ်ပါးမှန်း ကျနော် အသိနောက်ကျခဲ့တယ်။

ဝင်ခံရရင် ကျနော်က အကျင့်သိပ်မကောင်းဘူး. ဘယ်နေရာမှာ မကောင်းလဲ ဆိုတော့. သံယောဇဉ်တွယ်လွယ်တယ်.
အပြောင်းအလဲ မြန်တယ်။ ဒါမယ့် တစ်ချိန်ထဲမှာလဲ အစွဲအလမ်းကြီးတယ်။ သိပ်ကြောက်ဖို့ ကောင်းတဲ့ ကောင်ပေါ့။
သူမက " ပုံ့ အမုန်းဆုံးက မိန်းမရှုပ်တဲ့ ကိစ္စ ပဲ " ..
ခြေကလိမ်မ အက လို ကျနော် ပတ်ရှုပ်ခဲ့တဲ့ ဇာတ်လမ်းတွေကြောင့် သူမ စိတ်ညစ်ခဲ့ရတယ်။ ငိုခဲ့ရတယ်။
သူမ ကျနော့်ကို သိပ်ချစ်တယ်လေ ..
"မောင် ရယ် ပုံ့ တောင်းပန်ပါတယ်.. အဲ့လိုတွေ မလုပ်ပါနဲ့" ..
သူမ ရင်ဘတ်ထဲကို ကျနော် မမြင်ခဲ့ဘူး ..။
မြုပ်လေ နစ်လေ. ရာသီစာတွေဆီကို ကျနော် တဲ့တဲ့တိုးခဲ့တယ်။ မိုက်မိုက်ကန်းကန်း နဲ့ "ငါ ပျော်ပါတယ်" လို့ ထင်ပီး.
နောက်ဆုတ်ဖို့ မေ့ခဲ့တယ်..။ ရှင်းရှင်းပြောရရင်.. သူမအပေါ်ကို သစ္စာမရှိခဲ့ဘူး။

တကယ်တမ်း သူမကို ဘ၀ထဲက ဆုံးရှုံးရတော့မယ် ဆိုတာလဲ သိလိုက်တဲ့ အခါမှ.. ကျနော် ရူးမတတ် တုန်လှုပ်ခဲ့တယ်။
ဆုပ်ကိုင်ထားခဲ့တဲ့ သံယောဇဉ်လေး လွတ်ကျသွားမှာ. ကျနော် သိပ်ကြောက်ခဲ့တယ်..
နောက်ဆုံးထွက်မယ့် ရထားကို နောက်ကျသွားတဲ့ ခရီးသည်.. ခင်များတို့ မြင်ဖူးလား..။
အချိန်တွေရှိတုန်းက ပျော်ပါးနေပီး.. တကယ်လက်လွှတ်ရတော့မယ် ဆိုတာကို သိတော့မှ ရတဲ့ နောင်တမျိုး ..
ရှင်းရှင်းပြောရရင် .. နတ်တွေ သကြားနဲ့ ပေါက်တောင် . ချိုမလာ ဘူး ..။
ထပ်ရှင်းရှင်းပြောရရင် .. သိ ပ် ခါး တ ယ် .. ။


"မောင့်ကို ပုံ့ သိပ်ချစ်ပါတယ် .. ဒါမယ့် စိတ်လဲ နာတယ်"
"..."
"ပုံ့ ဆုံးဖြတ်ထားပီးပီ.. ပုံ့ .မောင့်ဆီ ဘယ်တော့မှ ပြန်မလာတော့ဘူးလို့ "
"..."

အကျင့်ပျက်ပြားနေတဲ့ ယောက်ျားတစ်ယောက်ကို သူမ ထားခဲ့တာ ဖြစ်သင့်တယ်လေ။
ကျနော် ကျန် နေ ခဲ့ တယ် ။
" မောင် တောင်းပန်ပါတယ် "
"..."

အကျယ်ပြန့်ဆုံးသော အရာတွေမှာ ထောင့်ချိုး မရှိဘူးတဲ့ ။
ကျနော့် ရဲ့ ကိုယ်ရေးကိုယ်တာ ထောင့်ချိုးတွေကလဲ ကျနော့်ရဲ့ မကျယ်ပြန့်မှုကြောင့်ပဲ ဖြစ်ပါလိမ့်မယ်။

နတ်တွေငိုလို့ မိုးရွာ တာများလား..။
မိန်းခလေးရေ
နောက်ထပ် မစိမ်းစိုနိုင်တော့တဲ့ တောအုပ်လို
ငါ မီးလောင်ခဲ့တယ် ။
ခုတော့.. အရာရာဟာ ဗလာ ။


ကျနော် ယုံကြည်တယ်လေ။ လမင်းရဲ့ ဆွဲအားကြောင့် မျက်စိတစ်ဆုံးပင်လယ်ရေတောင် တက်ချည် ကျချည် ဖြစ်သေးတာပဲ။
ကျနော့်ရဲ့ အလင်းနတ်သမီး . သူမကြောင့်
ကျနော့် ထောင့်ချိုးတွေကို ကျယ်ပြန့် နိုင်ရမှာပေါ့။


အဲ့ဒီ မျက်ဝန်းနက်နက်တွေနဲ့ လမင်းလေးက ... ကျနော် သိပ်မြတ်နိုးတဲ့ မိန်းခလေးပေါ့ ။