Dec 15, 2007

ချစ်သူလွမ်းဖို့ ဆောက်တဲ့ပုံပြင်

ညိုရုံပဲ ညိုတဲ့ ကောင်းကင်ဟာ တလောကလုံးကို မျက်နှာလွှဲပြီး ငိုနေတယ်။
ကဲ ဘာဆက်လုပ်ကြမလဲ။ ဘဝ ဟာ စပျစ်သီးတစ်ခိုင်ဖြစ်ခဲ့ရင်တောင် ဝိုင်တစ်ခွက်ဆက်မဖြစ်ချင်တဲ့ သူဟာ ငါ ပါ။ ဒါပေမယ့် ‘ဝ’ လုံးကလေး ဝိုင်းအောင်ရေးတာက အစ သံသရာကလွတ်မြောက်ရေးထိ အဆုံး လူ့လောကဟာ ကြိုးစားစရာတွေ သိပ်များတယ်။ ထိပ်ထားရယ် .. ငါ ကြိုးစားရဦးမယ်လေ။
ကောင်းကင်ကို ပျံတက်မယ့် ငှက်ဟာ သူ့အတောင်တွေကိုတော့ ဆန့်ထုတ်ထားရမယ် မဟုတ်လား။
တက်ကုန်ရွက်ကုန် ဖွင့်ပြီး ဒီခရီးကို ငါသွားရတော့မယ် ။
ထိပ်ထားရေ…
နေလုံးကလေးထမ်းပြီး အနောက်ရိုးမကနေ ထွက်လို့သွား
နောက်တစ်ခေါက် ပြန်ပွင့်ခွင့်မရတော့တဲ့ ကောင်းကင်ဟာ .. ငါ ဖြစ်ရဲ့ …။

လွမ်းသူ့ပန်းခွေတစ်ခက်ကို
ထီးလိုမိုးပြီး
ဟော့လို ရင်ကော့ရဲပါတယ်
အဲ့ဒီနေ့က
မင်းအင်္ကျီစလေးပဲ ဖြစ်ဖြစ်
ငါ .. ဆွဲကိုင်ထားချင်ခဲ့တာ…..။

အဲ့ဒီနေ့က
အလင်္ကာတွေတောင်
ထမ်းပိုးခွင့် မထိုက်တဲ့
မြက်ပင်ရိုင်းတွေရဲ့ ဂီတပေါ့
တရှပ်ရှပ်နဲ့ ကခုန်
မိုးကုပ်စက်ဝိုင်းကိုတော့
နမ်းခွင့် မပိုင်ခဲ့ဘူး။

အဲ့ဒီနေ့က
ဟော့ဒီလက်ချောင်းတွေနဲ့ ဆုတောင်း
အဲ့ လက်ချောင်းတွေနဲ့ပဲ
ငါတို့ နှုတ်ဆက်ခဲ့ကြတယ်။

အဲ့ဒီနေ့က
စိုက်ခဲ့တဲ့ ပန်းတွေ အားလုံးလဲ သေပါတယ်။
နောက်ဆုံး
မင်းမမြင်လိုက်တဲ့ ငါ့ခြေလှမ်းတွေလဲ
ဒရွတ်တိုက်ပဲ … သေတယ်။

အမေက ပြောတယ်။ ‘မာယာတွေ ရစ်သိုင်းထားတဲ့ လောကဓံတရားရဲ့ အောက်မှာ ဘယ်လူသားမှ ဒဏ်ရာမကင်းဘူး’ တဲ့ ။ ဘဝက ခါးလိုက်တာ အမေရယ်။ မူးယစ်ရီဝေပြီး မေ့ပျောက်ပစ်လိုက်ရင်တောင်
အမှတ်ထင်ကျန်ခဲ့ဦးမယ့် ဒဏ်ရာမျိုးတွေ ဟော့ဒီကောင်အတွက် များနေပြီ။
တစ်ချိန်က ‘ငါ့ ဘဝရဲ့ လမ်းတွေမှာ တေလေဘီလူးတို့ စောင့်လိုက စောင့်စေ’ ဆိုပြီး ဟစ်ကြွေးခဲ့ဖူးတယ်။ တစ်ချိန်က နှလုံးသားမှာ နှင်းဆီဆူးတွေ စိုက်ပျိုးဖို့… စေတန်ပေးတဲ့ လက်ဆောင်
ရိုးသားစွာနဲ့ ငြင်းခဲ့ဖူးတယ်။ လှိုင်းတမော့မော့နဲ့ မြစ်ကမ်းကိုလဲ ဦးခိုက်ဖူးတယ်။ လက်ရာတွေ အကြိမ်ကြိမ်ညံ့ခဲ့လို့ ကမ္ဘာဦးနေ့ ရဲ့ ပထမဆုံး ဆည်းဆာရောင်နဲ့ အတူ ငါ့အလွမ်းတွေ သမိုင်းဝင်ခဲ့သေးတယ်။
ငုံ့လျိုးတောင်းပန်ခဲ့ဖူး သလို ကိုယ့်ရင် ကိုယ်လဲ ချွေးသိပ်ဖို့ မေ့နေခဲ့ဖူးတယ်။

လွင့်လွင့်ပါးပါး
ဒီဂျစ်ပစီကောင်ရဲ့ ညဟာ
လမင်းကို ကြိုးစင်တင်ထားသလိုပါပဲ
အလင်းတွေ ညှီစို့
ခေါင်းစိုက် ငိုက်ကျ နေခဲ့ ပြီ။

လေပြေထွေးက အများသုံးဘာသာစကားနဲ့ လာနှစ်သိမ့်တယ်။ မသေခင်တော့ မေးသွားရဦးမယ်လေ..။
အလွမ်းဆိုတာ ဘုရားရှင်လက်ထဲမှာ ဆုပ်ထားတဲ့ ငရဲမီးတောက်လောက် ပူသလား။
ဒုက္ခကို ဟောထားတဲ့ ဗုဒ္ဓရဲ့တရားတော်မှာ တတ်နိုင်သလောက် ငါငြိမ်းချမ်းပါရစေ..။

ထိပ်ထားရေ…
ငါ့ကို နားလည်ပါ
နား လည် စမ်း ပါ….. … ။

နင် စေခိုင်းမှ ပြောခွင့်ရှိမယ်ဆိုရင်တော့ ငါဟာ ‘အ’ နေတဲ့ ကောင်ပေါ့။ နင်လျှောက်လမ်းခဲ့တဲ့ မြေနီလမ်းတွေ …၊ နင် လွမ်းတတ်တယ်ဆိုတဲ့ အလင်းနွေးနွေး အိပ်မက်တွေ .. တစ်နေ့မှမေ့လို့ မရခဲ့ဘူး။ နင်ကတော့ စာသင်ခုံထောင့်စွန်းမှာ နှင်းဆီတွေ လာလာစိုက်တဲ့ ခပ်နွမ်းနွမ်း ကျောင်းသားလေးကို မေ့နေပြီလားလို့ နှုတ်ခမ်းကိုက်ပြီး စဉ်းစားဖူးတယ်။

လက်သန်းလေး နှစ်ချောင်းက ခေါင်းညှိပ်ခဲ့တဲ့ သစ္စာတွေ
ဘယ်ပုံဘယ်နည်းနဲ့ ပြိုပျက်သွားသလဲ….
နင်မစီးတော့ တဲ့ ဖိနပ်ကလေးလို သဲကြိုးပြတ်နေတဲ့ ကောင်ဟာ ငါပါ ထိပ်ထားရယ်…။

ငါရွတ်လေ့ရှိတဲ့
နမိတ်ဖတ်ပုံပြင်တွေ…
‘လ’ တခြမ်းပဲ ရွက်ထားတဲ့
ကောင်းကင် လင်္ကာတွေ
ထိပ်ထားရယ်…
မိုးခါးရေသောက်ရတာလဲ .. မောတယ်။

ပူလောင်အက်ကွဲနေတဲ့
မြေမှုန်တွေနဲ့ ငါ့အိပ်မက်ကို ဖန်ဆင်း
မွန်းကြပ် ပိတ်လှောင်မှုဟာ
အချိန်မကြည့်တတ်တဲ့ ဆောင်းတွင်းလိုပဲ
ထွက်သွားဖို့ မေ့ .. မေ့ နေတတ်တယ်လေ။

ငါ ရေးခဲ့ဖူးတဲ့
ဒဏ္ဍာရီ တစ်ပိုဒ်မှာတော့
‘မီးခွက်ဆိုတာ အလင်းပြပြကိုလဲ
အာခေါင်မှာ ဆုပ်ကိုင်ရဲတယ် ’ ….။

တကယ်တော့
ငှက်ဝါလေးရဲ့ သဲကြိုးပြတ်အိပ်မက်တွေ
သန်းခေါင်တေလေနဲ့
ညညတွေ ဘီလူးဆန်ပါတယ်။

ဒီလိုနဲ့ပဲ
ငါ့ ရင်ဘတ်ပေါ် လက်ကလေးတင်
လောက ဓမ္မမီးအိမ်နဲ့
ရာဇဝင်တွေ ခရီးဆက်ဦးမယ်။

ထိပ်ထားရေ …
မီးတပိုင်း ရေတပိုင်းနဲ့
ငါ … ပစ် ပေါက် စိုက် ပျိုး
နင့် အတွက်
ပုံပြင် တစ်ပုဒ် ရှိ ခဲ့ ဖူး တယ် … ။

8 comments:

ရတနာစိုး said...
This comment has been removed by the author.
မေပျို said...

နတ်ရေ
ငါခေါင်းကိုက်နေတာလေ။ နင့်မော်ဒန်လည်း ဖတ်သွားရော မူးကိုလဲချင်ရော။ ဟီးးးးး နောက်တာနော်။ စိတ်မဆိုးနဲ့။ တော်တော်လေးကို ကောင်းပါတယ်ကွယ်။

Shwun Mi (ရွှန်းမီ) said...

နတ်ကလေး . .
အဲဒီလို လှိုင်းတွေကို အကြိမ်ကြိမ် မသိချင်ယောင်ဆောင်တဲ့ ကမ်းပါးတစ်ခုရဲ့ ဘ၀ကို သိတယ်..
တိုက်ဆိုင်ရုံပဲဆိုရင် နင်ပြောတဲ့ ထိပ်ထားကို ငါစကားပြောစရာ မလိုဘူးပေါ့ဟာ ..
အချိန် နေရာ အတော်များများမှာ ပုံပြင်တွေက ဆင်နေတတ်ပါတယ်..

နေမိုးကြယ် said...

ဘယ်လို ပုံပြင်တွေ ဆင်နေတတ်တာလဲ အမ ရ .. ပြောပါဦး

Shwun Mi (ရွှန်းမီ) said...

မင်းက ဘယ်သူလဲ ??
profile not available .. ..
how old are you?

chaos said...

အားပါး
နတ်ကလေးရိုက်ချက် က ပြင်းပကွာ
ကျုပ်တောင် ချာချာလည်မူးပ
တော်တယ်ကွာ

Eduking said...

very good, very good.
ခေါင်းစဉ်လေးကို အကြိုက်ဆုံးပဲ..

မိုးသည်း said...

နင်.block ကိုဖတ်တိုင်းငါငိုချင်နေတုန်းပဲဟယ်.....
maybe i m not mature enough. =)