Dec 19, 2007

ရနံ့ရှိသော မျက်လုံးများ

သိပ်အသိသာကြီး မဟုတ်သော်လည်း နံနက်ခင်းက နေလို့ထိုင်လို့ ကောင်းနေသည်။
သူငယ်ချင်း များများစားစား မရှိသော သူမအတွက်တော့ ဒီလို မနက်မျိုးတွင် တစ်ယောက်ထဲ လမ်းလျှောက်ထွက်ဖြစ်သည်က များသည်။ သူမကဲ့သို့ပင် ထခြားမြို့ခံလူများသည်လည်း မြို့ကလေး၏ တစ်ခုတည်းသော ပန်းခြံတွင် လေ့ကျင့်ခန်းလုပ်သူကလုပ်၊ စကားတပြောပြောနှင့် လမ်းလျှောက်သူက လျှောက်နေကြသည်။ လူဦးရေ နည်းပါးသော ဤမြို့ကလေးတွင် တစ်ဦးတည်းသောသမီးသူမသည် မိခင်နှင့်အတူ နှစ်ယောက်တည်း နေထိုင်သည်။ အပ်ချုပ်လုပ်ငန်းပိုင်ဆိုင်ထားသော သူမတို့ဘဝသည် လူပုံအလည်တွင် မကြောင်းမကြတော့ နေနိုင်ကြသည်။ အမေတစ်ခု သမီးတစ်ခုဆိုပြီး နှိမ်ချင်ကြသူတွေ၊ ရိသဲ့သဲ့ လုပ်သူတွေ ပေါများသော်လည်း မာနတစ်ခွဲသားနှင့် ဥာဏ်ထက်သောသူမကို မြို့ခံလူများက ရှိန်ကြသည်။ ပြီးတော့ အနည်းငယ်ဆိုးပြီး ဂျစ်ကန်ကန်ဖြစ်ပေမယ့် သူမက ပုရိသယောက်ျားတွေ လှည့်ကြည့်ယူရလောက်အောင်ပင် ဆွဲဆောင်မှုရှိသည်။ ဒါ့ကြောင့်လည်း ခေတ်ကာလသားတွေ ပါးစပ်ဖျားမှာ ဟမ်းလော့ ဆိုပြီး နာမည်ကြီးသည်။ စကတ်တိုတိုလေးတွေ ဝတ်လေ့ရှိသော သူမသည် ဘယ်နေရာ သွားသွား လူတွေဝိုင်းကြည့်တာ အမြဲလိုလိုခံရတတ်သည်။ အဲ့ဒီ လူတွေရဲ့ မျက်လုံးတွေကိုတော့ မီးတောက်နေတဲ့ ဖန်ဂေါ်လီတွေ လို့ သူမက နာမည်ပေးထားပြီး ကွယ်ရာတွင် ကျိတ်ရီနေလေ့ရှိသည်။

ခုလည်း သူမလျှောက်လာရာ လမ်းတစ်နေရာတွင် လူငယ်တစ်စုက သူမအား ဝိုင်းကြည့်နေကြသည်။ စိတ်ထဲတွင် အနည်းငယ်တော့ ကသိကအောင့် ဖြစ်မိသည်။ မျက်လုံးတစ်စုံစီက အဓိပ္ပါယ်ကိုယ်စီ နှင့်။ ဘာတွေမှန်းတော့ သူမလဲ ရေရေရာရာ မခွဲခြားတတ်။ မာနစိတ်ခံအရ ပြန်ပြီးတော့လည်း စိုက်ကြည့်မနေ ခြင်သဖြင့် ဒီအတိုင်းပဲ ဖြတ်လျှောက်လာခဲ့သည်။ မေရီ ပါလာရင်ကောင်းမှာပဲ ဟုလည်းတွေးနေမိသည်။ မေရီ ဆိုတာက သူမရဲ့ အိမ်နီးချင်း ဖြစ်သလို အတန်းဖော်လဲ ဖြစ်တဲ့ ခပ်ဝဝကောင်မလေး။ ဒီမနက် မှာ အိပ်ယာက နှိုးမရလို့ ကျန်ခဲ့တာ။ ဘာပဲပြောပြော စကားလေးပြောပြီး အိနြေ္ဒကြီးနဲ့ မသိချင်ဟန်ဆောင် နေလို့ရတာပေါ့။ ခုကျတော့ ကောင်လေးတွေ အမြင်မှာ သူမမျက်နှာ နည်းနည်းတော့ ပျက်ကောင်းပျက်နိုင်သည် မဟုတ်လား။ တဖက်ကလည်း ဘယ်သူက ဘယ်လို စိတ်မျိုးနဲ့ ကြည့်တာလဲ ဆိုတာ သိချင်သေးသည်။ မိန်ကလေး တစ်ယောက် လမ်းလျှောက်ထွက်လာတာကို ရိသဲ့သဲ့ လိုက်လုပ်ချင်တဲ့ အကြည့်တွေလား။ ဒီကောင်မလေး တယ်ချောပါလား ဆိုတဲ့ အတွေးသက်သက်လောက်နဲ့ပဲ ကြည့်တာလား။ ဒါမှမဟုတ် မမြင်ဖူးလို့ ရုတ်တရက်ကြည့်မိလိုက်တာ မျိုးပဲလား ဆိုတာ မခွဲခြားတတ်။ အကုန်လုံးကလည်း တူချင်မှ တူမည်လေ။ တစ်ယောက် အကြည့်တစ်မျိုးစီလဲ ဖြစ်နိုင်တာပဲ။ တစ်ခုရှိတာက စွဲလမ်းသွားပြီး မေတ္တာယှက်နေတဲ့ အကြည့်မျိုးကိုလဲ သူမ မသိစိတ်က လိုချင်နေမိသေးသည်။ အပျိုအရွယ်ရောက်နေသော သူမသည် ချစ်သူရည်းစားမရှိသောကြောင့် တစ်ချို့အပေအတေကောင်လေးများ၏ လိုက်နှောက်ယှက်ခြင်းကို ခံခဲ့ရသည်။ အားကိုလိုချင်တဲ့ သဘာဝအလျှောက် တည်တည်တံ့တံ့ပုဂ္ဂိုလ်မျိုးကိုတော့ ချစ်သူအဖြစ် လိုချင်မိသည်။ ထိုလူငယ်တွေကလည်း သူမနှင့် အသက်သိပ်မကွာချေ။ ဒါ့ကြောင့် ခုနက သူမတွေးမိသလို ရင်းနှီးလိုလို့ ကြည့်နေတာလဲ ဖြစ်နိုင်သည်။ ဘာပဲဖြစ်ဖြစ် ပြန်ရောက်ရင်တော့ မေရီ့ကို ဒီအကြောင်း ပြောပြဦးမည်ဟု တွေးနေလိုက်သည်။

တစ်ခါတစ်ခါကျတော့လည်း လူတွေရဲ့ အကြည့်တွေကို သူမမုန်းသည်။ အနံ့မျိုးစုံ၊ အရောင်မျိုးစုံ နှင့်။ ရိုးသားခြင်း၊ သစ္စာတရား၊ သိမ့်မွေ့ခြင်းဆိုတာတွေ သူတို့ မျက်လုံးတွေမှာ မရှိကြ။ လူ့ အတွင်းစိတ် သန္တာန်သည် မျက်လုံး၌ တည်သည် ဟု အမေပြောဖူးသည်ကို အမှတ်ရနေမိသည်။
ဟန်ဆောင်ကောင်းတဲ့သူတွေဆိုရင်ကော။ တစ်ချို့ကလည်း လူရှေ့တွင်တော့တစ်မျိုး လူကွယ်ရာတွင် အရှက်နည်းတတ်ကြသည် မဟုတ်လား။ ဟိတ်ဟန် အပြည့်နဲ့ နေတိုင်း လူကြီးလူကောင်းလို့ ပြောလို့မှ မရတာ။ အကြင်နာ အပြည့်နဲ့ မျက်ဝန်းတွေလည်း ထင်သလောက်တော့ မရှားနိုင်ပါဘူးလေ။ ညနေကို ငေးမောရင်း အိမ်ရှေ့ခြံလေးထဲတွင် သူမတစ်ယေက်တည်း တွေးနေမိသည်။ မျက်ဝန်းတွေနဲ့ လူ့သိက္ခာ တွေအကြောင်း သိချင်စိတ်က တဖွဖွ။ စဉ်းစားရင်း တစ်ခါက မေရီပြောဖူးသော ရွှတ်နောက်နောက်အကြံ တစ်ခုကို သွားသတိရမိသည်။ ဆိုးတော့မဆိုး။ မိန်းကလေး သိက္ခာတော့ နည်းနည်းကျနိုင်သည်။ ဒါပေမယ့် တစ်ခုရဖို့ တစ်ခုတော့ ရင်းရမှာပဲလေ။ အလဲလှယ်လုပ်ရတာ တန်မယ်လို့ထင်ပါတယ်။

မျက်ဝန်းတွေ အကြောင်းကိုတော့ ဖတ်စာအုပ်တစ်အုပ်လို ဖတ်ရဦးမည်။

တစ်ခုသော ရုံးတက်ရက်မှာတော့ သူမ အကြံအစည်ကို အကောင်အထည် ဖော်လိုက်သည်။ ရှင်းပါသည်။ အိင်္ကျီခပ်ဟိုက်ဟိုက်ရယ်၊ စကပ်တိုတိုရယ်ကို ဝတ်ကာ လူစီးများသော လိုင်းကားပေါ် ထိုင်လိုက်သွားရန်သာ ဖြစ်သည်။ အင်္ကျီမှာတော့ လူတွေ တော်ရုံမမြင်နိုင်တဲ့ ကပ်ခွာ ကင်မရာလေး တစ်ခုကပ်ထားလိုက်သည်။ လိုင်းကားကို ဂိတ်စထိသွားပြီး စောင့်စီးဖိုတော့လိုသည်။ ဒါမှ ထိုင်ခုံမှာ ထိုင်လိုက်ပြီး တစ်လမ်းလုံး အိပ်ချင်ယောင်ဆောင်ပြီး လိုက်သွားနိုင်မည် လေ။ သူမ အကြံက လိုင်းကားသွားရာ လမ်းတစ်လျှောက် သူမထိုင်နေသော ထိုင်ခုံရှေ့တွင် ခရီးသည် တစ်ယောက်ပြီးတစ်ယောက် လာထိုင်ကြလိမ့်မည်။ ထိုအခါ အိပ်မောကျနေပြီထင်သော အိင်္ကျီဟိုက်ဟိုက်၊ စကပ်တိုတိုနှင့်သူမကို အကြည့်မျိုးစုံဖြင့် ကြည့်ကြလိမ့်မည်။ သူမကတော့ ဘာမှအရေးလုပ်စရာမလို။ မသိချင်ယောင်ဆောင်ပြီး မျက်စိမှိတ်ထားလိုက်ရုံပင်။ အဲ့အကြည့်များကို ကင်မရာက ကူးယူးထားလိမ့်မည်။
နောက်ဆုံးတော့ အခက်အခဲမရှိပဲ လိုင်းကား ဂိတ်ဆုံးကို ရောက်ရှိသွားသည်။ ကားပေါ်ကဆင်းတော့ သူမပျော်နေသည်။ ဒီမြို့ခံလူတော်တော်များများရဲ့ မျက်လုံးတွေ ဘယ်လိုပုံလဲဆိုတာ သူမသိရတော့မည်။ ဒါနဲ့ပဲ အိမ်ကို ကားငှားပြီး ပြန်လာခဲ့လိုက်သည်။

………………………..
တရားရုံးတစ်ခုတွင်ဖြစ်သည်။

တရားသူကြီး။ ။
ဟေ့ တရားခံ .. ရုံးတော်ထဲမှာ ခင်ဗျားက ဘာဖြစ်လို့ နေကာမျက်မှန်အနက်ကြီး
တပ်ထားရတာလဲ။
တရားခံ။ ။
ကျနော့် နှလုံးသားကို ခင်ဗျားတို့ မမြင်ရတဲ့ အတွက် အမှန်ကို ဖတ်နိုင်မှာ မဟုတ်
ဘူး။ ကျနော့် စကားသံနဲ့ လေယူလေသိမ်းကလည်း သေချာလေ့ကျင့်ယူထားတာ
ဖြစ်တဲ့အတွက် ခင်ဗျားတို့ရိပ်မိမှာ မဟုတ်ဘူး။ ဒါပေမယ့် ဂနာမငြိမ်တဲ့ ကျနော့်
မျက်လုံးတွေကိုတော့ ခင်ဗျားတို့ သံသယ ဝင်လိမ့်မယ်။ ဒါကြောင့် ဒီမျက်မှန်
အနက်နဲ့ ဖုံးထားတာ။
တရားသူကြီး။ ။
အဲ့လိုဆိုလဲ မင်းရဲ့မျက်လုံးတွေကို ဖောက်ထုတ်ထားပေါ့ကွာ။
ရုံးတော်ကို လေးစားသမှုနဲ့ အဲ့မျက်မှန်အနက်ကြီးကိုတော့ ချွတ်ထားလိုက်။
………………………….


သူမရင်တွေ အခုန်မြန်နေသည်။ ကူးယူလာသော ကင်မရာကို တီဗွီနဲ့တွဲပြီးဖွင့်ကြည့်လိုက်သည်။
ဟော… ပထမဆုံး တစ်ယောက်က သူမတို့မြို့ရဲ့ မီးသတ်ဌာနမှူးကြီးဖြစ်သည်။ ဒီလူကြီးကတော့ သိက္ခာရှိလောက်မည်ဟု သူမ ထင်နေလိုက်သည်။ ထိုင်ခုံမှာထိုင်တော့ ရှေ့ကသူမကို ကြည့်သည်။ ဒီကောင်မလေး မြင်ဖူးပါတယ် ဟုလည်း တွေးနေပုံပေါ်သည်။ နောက်တော့ လက်ကနာရီိကိုကြည့်သည်။ ပြီးတော့ သူမကိုပြန်ကြည့်သည်။ ဒီအကြည့်ကတော့ ဖတ်လို့မရ။ ခဏနေတော့ သေသေချာချာစိုက်ကြည့်ပြီး မျက်နှာလွှဲသွားသည်။ အပြင်ကိုကြည့်နေ သလိုလိုနှင့် သူမဖက်ကို မျက်နှာ ပြန်လှည့်လာပြန်သည်။ ဒီတစ်ခါတော့ ဖတ်လို့ရပြီ။ သမီးချင်းမှကိုယ်ချင်းမစာနာ။ အကြည့်ကိုက အပေါစား အရက်ပြင်းပြင်းတစ်ခွက်အနံ့ နံနေသည်။ တဏှာဖြင့်တောက်နေသော ထိုသူကြီး၏ မျက်လုံးသည် ကြည့်ရင်းကြည့်ရင်းဖြင့် နီရဲပြီးတကယ်မီးလောင်နေသည်ဟု ပင်ထင်ရသည်။
လူ့သိက္ခာဆိုတာ ဒါလားကွယ်။ လူရှေ့သူရှေ့မှာကျ သိက္ခာရှိဟန်ဆောင်ပြီး လူကွယ်ရာမှာကျ စိတ်ဓာတ်တွေက အောက်ကျလိုက်တာ။ အဲ့ဒါကို ဘယ်လို ဥပေဒေနဲ့ အပြစ်ပေးရမလဲ။

ထိုလူကြီး ဆင်းသွားပြီး သူမရှေ့မှာ လာထိုင်သူက မိန်းမဝဝကြီး တစ်ယောက်။ ရွှေတွေငွေတွေ ကတော့ သူ့တစ်ကိုယ်လုံး အပြည့်။ ခုနက လူကြီးနှင့် ဘာမှတော့ မထူးခြား။ သူမ အဖြစ်ကို ကြည့်ပြီး ပါးစပ်ကလဲ ပွစိပွစိပြောနေသေးသည်။ အသံကျယ်ပြီး နားစိုက်ကြည့်လိုက်တော့မှ သူမကို အတင်းပြောနေမှန်း သိရသည်။ ‘အသက်လေး ခပ်ငယ်ငယ်နဲ့ ဖြစ်ပျက်နေလိုက်တာ သူ့မိဘသိရင် ရင်ကျိုးတော့မှာပဲ’ ၊ ဒီစကားကတော့ မိဘချင်းကိုယ်ချင်းစာနာတဲ့ သဘောပါပဲ။ ဘာပဲပြောပြော မဆိုးဘူးပေါ့။ ဆက်ပြောသည့် စကားများကတော့ ကြားလို့ပင်မကောင်း။ အယုတ္တအနတ္တတွေ။ သူမို့လို့ ပြောထွက်သည်။ အသက်အရွယ်မှမထောက် တဗြစ်တောက်တောက်နှင့် မျက်နှာကြီးကလည်း မဲ့ရွဲ့နေသေးသည်။ ထိုမိန်းမကြီး၏ မျက်လုံးများကတော့ ပန်းတွေရဲ့အပုတ်နံ့ လိုမျိုး နံနေသည်။ ဘယ်မှာသွားလွှင့်ပစ်ရမည်လဲ။

အခုထိုင်နေသည့် တစ်ယောက်ကတော့ ဆေးသမားဖြစ်ပုံရသည်။ ငိုက်စိုက်ငိုက်စိုက်နှင့် သူ့ကိုယ်သူ မနည်းထိန်းနေရသည်။ အခြေအနေက သူမကို ကြည့်ဖို့မပြောနှင့် မျက်လုံးပင်မဖွင့်နိုင်လောက်အောင် ဆေးမူးနေသည် ထင်သည်။ ရက်လွန်နေသော ပေါင်မုန့်တစ်လုံးရဲ့အနံ့မျိုးဖြင့် ထိုသူ၏ မျက်လုံးများ မှေးဝင်သွားသည်။ ကြည့်ရင်းဖြင့်ပင် သူမ စိတ်ပျက်လာသည်။ ဒီလို မျက်လုံးတွေကိုရော ဘယ်နှလုံးသားက ထိန်းကျောင်းသလဲ။

နောက်ထပ်လာထိုင်သူကတော့ ဘုန်းတော်ကြီးတစ်ပါး။ ရုတ်တရက် လန့်ပင်လန့်ချင်သွားသည်။ သူမသတိမပြုမိလိုက်ဖူးလေ။ နည်းနည်းတော့ အားနာသွားသည်။ ဘုန်းတော်ကြီးကလည်း ထိုင်ထိုင်ချင်းတချက်ကြည့်သည်။ ပြီးတော့ မျက်လုံးမှိတ်ပြီး ငြိမ်ငြိမ်လေးလိုက်လာသည်။ ခဏကြာတော့ တချက်ထပ်ကြည့်သည်။ မဖြစ်သင့်ဘူး၊ မကြည့်သင့်ဘူး၊ စိတ်ကိုထိန်း၊ တရားထဲမှာပျော်ဝင် .ဆိုပြီး သူ့စိတ်သူ နွားသိုးဖမ်းသလို လိုက်ဖမ်းနေပုံရသည်။ နောက်တော့ ထိုင်ရာကထပြီး တခြားနေရာမှာ သွားရပ်သည်။ ကောင်းတော့လဲ ကောင်းပါသည်။ စိတ်ကို ထိန်းရတဲ့ အလုပ်ဆိုတာ အခက်ဆုံးပဲလေ။ အဲ့ဒီစိတ်ကို မထိန်းနိုင်ရင်တော့ မကောင်းမှုဆွဲဆောင်ရာတွေ အများဆုံးဝင်တတ်တဲ့ ဒီမျက်လုံးတွေကို ပိတ်ထားတာ ပိုကောင်းမယ်။

သူမ ဆက်မကြည့်ချင်တော့။ စိတ်တွေက လေးလံနေပြီလေ။ တီဗွီကို တချက်ပြန်ကြည့်မိလိုက်တော့
ဦးထုပ်ကို ခပ်ငိုက်ငိုက်ဆောင်းထားသော လူတစ်ယေက် သူမရှေ့တွင် ဝင်ထိုင်လိုက်သည်ကို တွေ့ရသည်။ သေချာကြည့်တော့မှ ထိုသူရဲ့ မျက်လုံးတွေကို မြင်ရသည်။ ဆက်ခနဲ သူမ ထရပ်မိသည်။ ထိုယောက်ျားသားသည် သူမစိတ်ထဲတွင် ကြိတ်၍ လေးစားနေရသော သူဖြစ်သည်။ သူမ နှလုံးသားက ကိုင်းညွှတ်နေသော သူလဲ ဖြစ်သည်။
ဘုရားရေ…. … ဘယ်လိုရနံ့မျိုးများ ငါ ရှူရှိုက်ရဦးမလဲ။
ရုတ်တရက် ထိုသူ၏ မျက်လုံးများ မီးထတောက် လေသည်။
တဏှာဇောနှင့် ကိလေသာ မီးလောင်မြိုက်နေသော အတ္တဘောခန္ဓာကိုယ် တို့၏ မျက်လုံးများသည်
ညှီစော် နံ ပါ သည်။

6 comments:

စုမြတ် said...

ကျေးဇူး သူငယ်ချင်း... ငါစိတ်ထဲမှာ ဖြစ်နေတဲ့ ခံစားချက်တချို့ကို နင့်ကိုမပြောပြမိပါပဲ တိုက်တိုက်ဆိုင်ဆိုင် နင့်ပို့စ်လေးက လာရောက်သက်ရောက်နေတယ်.. ငါ့အစား နင်ဖတ်ပေးလိုက်တဲ့ "ရနံ့ရှိတဲ့ မျက်လုံးများ"က ငါ့အတွက် အမှတ်တရပို့စ်လေးပါပဲ.. ကျေးဇူးပဲဟာ။ =)
ပုရိသယောက်ျားတိုင်းရဲ့မျက်လုံးတိုင်းက ညှီစော်နံသလား ဆိုတာတော့ ပုရိသယောက်ျားတယောက်ဖြစ်တဲ့နင်က ပိုသိမှာပေါ့နော်။

နေမိုးကြယ် said...

ပုရိသ ယောက်ျားရယ်မှ မဟုတ်ပါဘူးဟာ .. အဲ့လိုလူတိုင်းပါပဲ
ငါကိုယ်တိုင်ကတော့ အဲ့လိုမဖြစ်အောင် စိတ်ကိုထိန်းပါတယ် ၊
မရရင်တော့ အဲ့မျက်လုံးကို မှိတ်ထားလိုက်တယ်..
တဏှာစိတ်ကို တတ်နိုင်သလောက် ဖောက်ထုတ်ရင်းပေါ့

မေပျို said...

တဏှာစိတ်ကို တတ်နိုင်သလောက် ဖောက်မယ့်သယ်ရင်းရေ အကြံတစ်ခုပေးမယ်နော်။ ဘုန်းကြီးလေးဘာလေး ၀တ်လိုက်ပါလားဟင်။ ဟဲဟဲ စတာနော်။ အတည်။

ဝတ္ထုလေးက မိုက်တယ်နော်။ ဒါပေမယ့် ငါသာ ကောင်မလေးနေရာဆို စိတ်တွေသိဖို့အတွက်တော့ သိက္ခာအကျမခံဘူး။

Winkabar said...

ဘာပြောရမလဲမသိတော့ဘူး။
အဲလိုမျိုးလုပ်ဖို့တန်လားလို့။ သူကသိချင်တော့လည်းနော်။ အကယ်၍များသူ့ကိုသိတဲ့လူနဲ့တွေ့ရင်တော့
ဘယ်လိုလုပ်မလဲ။ နည်းနည်းတော့ကသိကအောက်ဖြစ်သွား
မှာတော့သေချာတယ်။

အရေးအသားတော်တော်ကောင်းတာပဲ။ ကြိုးစားထားကွ။

သဇင်ဏီ said...

တစ်ကယ်ကောင်းတဲ့ပို့စ်လေးပဲ..
အကြည့်ခံရတဲ့သူဘက်ကမဟုတ်ဘဲ ကြည့်တဲ့သူတွေဘက်ကဝေဖန်မယ်နော်...
အဲဒီလိုမလုပ်သင့်ဘူး..မင်းပြရင်ငါတို့ကကြည့်မယ်ကွာ..
ဒါဆိုဘယ်သူမှားလဲ...ကြည့်တဲ့သူမှာအပြစ်မရှိဘူး.. ဘဘုန်းကြီးကတော့ အပြစ်ရှိတယ်လို့ ယူဆလို့ရတယ်.. ဘာကြောင့်လဲဆိုတော့ သံဃာယနာ အသစ်ထပ်မတင်ရသေးလို့ဖြစ်ကောင်းဖြစ်မယ်..

ဟဲ..ဟဲ..စိတ်မဆိုးကြေးနော်..အရေးအသားကပြောင်မြောက်တော့
ဝေဖန်ဖို့စိတ်ပါသွားလို့ပါ...

Anonymous said...

good