Dec 29, 2007

သစ်ပင်

ကိုယ့်ကိုကိုယ် ခုတ်ချခဲ့ရတဲ့
သစ်ပင်တစ်ပင်ရဲ့အိပ်မက်ဟာ
ဘယ်ရာသီမှာ ပွင့်မယ်ထင်လဲ
….
ရာဇဝင်မှာ မိုး နေတဲ့ ကျိန်စာ
ဘုရားတပည့်တော်ထံမှ ပြေ ပါ စေ သား။

Dec 24, 2007

နှင်းတဝက် အလင်းတဝက်နဲ့ကောင်လေး

ခရေပင်ကြီးက သူ့ကိုင်းဖျားမှာပွင့်နေတဲ့ ခရေပွင့်လေးတွေကို မိခင်ဘာသာစကားနဲ့ ပုံပြောသိပ်နေတယ်။ ပါးပြင်ပေါ်က နှင်းစက်လေးတွေကို တို့ထိဆော့ကစားရင်း ဘဝကို ငုံ့ကြည့်မိတဲ့အခါ မြူခိုးတွေ ဝေနေတာတွေ့တယ်။ မျက်ဝန်းတွေ ကွဲကြေခဲ့တာ ဆောင်းဘယ်နှချီကြာခဲ့ပြီလဲ။ ဘာပဲပြောပြော ဘဝမှာနေပျော်ပါတယ် မေမေ။
ရွှေရောင်တွေ ဝင်းလက်တောက်ပနေတာ မဟုတ်ပေမယ့် သနပ်ခါးရေကြဲနဲ့ ပန်းပွင့်လေးတွေကို ကျနော်ချစ်တယ်။ နေ့များစွာ နှစ်များစွာမှာ ခရေတွေကောက်ရင်း ကျနော့်လမ်းကိုကျနော်ဖောက်ခဲ့တယ်။
ဓါးတွေဒိုင်းတွေမပါတာကလွဲရင် နှင်းတွေရဲ့ရာဇဝင်မှာ ကျနော်ဟာ သူရဲကောင်းပေါ့။

ခြောက်ခြောက်သွေ့သွေ့နဲ့
ငါ့ရင်ထဲက ဆောင်းရာသီဟာ
အ . နေတဲ့ ပန်းတစ်ပွင့်ဖြစ်တယ်။

ကျနော်ဟာ ဆောင်းရာသီအကြောင်းကို ဒဏ္ဍာရီတစ်ပုဒ်လို ဖတ်လိုက်ရတဲ့ အချိန်ကစပြီး နှင်းတွေကို
ချစ်သွားခဲ့တဲ့ကောင်ပါ။ ငရဲကလာတဲ့မီးတောက်သံစဉ်တွေနဲ့ ဘဝမှာကခုန်ခဲ့ရပေမယ့် ကျနော်ဟာ နှင်းတွေရဲ့ ကြွေသံတဖျောက်ဖျောက်ကိုပဲ သီချင်းလုပ်နားထောင်ခဲ့တယ်။ နှင်းတွေ ယိမ်းနွဲ့ဝေကျနေတာကို ကြည့်ပြီး ကျနော် ပျော်နေတတ်တယ်။ ဖြစ်နိုင်ရင် ကျနော့်ရဲ့ ခပ်စုတ်စုတ်
တိုင်းပြည်မှာ သုံးရာသီလုံး နှင်းတွေပဲ ဝေနေစေ့ချင်တယ်။ တစ်ခါတစ်ခါတော့လည်း ပစ်စက်လက်ခက် လွင့်ဝဲကျလာတဲ့ နှင်းမှုံတွေကို လက်ခုပ်လေးနဲ့ ဆုပ်ပြီး နမ်းရှိုက်နေမိတယ်။ စိတ်ကူးယဉ်အတွေးတွေနဲ့
ကျနော့် ကျောင်းသားဘဝဟာ နှင်းတွေနဲ့မူး…… တကယ်တော့ ကျနော်ဟာ မီးခတ်ပေါင်းများစွာရဲ့ တောက်လောင်ပူပြင်းမှုကို တင်းခံပြီး နှင်း ကို ချစ်နေတဲ့ ကောလိပ်ကျောင်းသားလေးပါ။
ပြောရရင် … နှင်းငွေ့နှင်းသက်သင်းတဲ့ လေပြေကိုမှ ရှူရှိုက်ချင်တဲ့ ကောင်ပေါ့။
ကျနော် လူမိုက်လား မေမေ။ ဘဝမှာ အဲ့ဒီနှင်းတွေကိုမှ ဖြေမရ ဖျောက်မရ ရူးသွပ်လှပစွာ ချစ်ခဲ့ရတယ်။
ဖြစ်နိုင်ရင် နှင်းစက်တွေနဲ့သာ ကျနော့်ကို မြေမြှပ်လိုက်ကြပါတော့။

ဘုရားရေ… …
ဆောင်းရာသီရဲ့ မှော်အတတ်ဟာ
နှင်းတွေနဲ့ ပြုစား
ငါ့ တိုင်းပြည်ကို ဖျားစေခဲ့သလား…။

အသက်အရွယ်ကြီးလာတာနဲ့ အမျှ လူတွေရဲ့ မျက်နှာပုံဟန်ဟာ ဘာဖြစ်လို့ ငယ်ငယ်ကလောက် မနူးညံ့နေတော့တာလဲ လို့ မေမေ့ကို ကျနော် မေးဖူးပါတယ်။ ပိုပြီးပူပင်စရာတွေ များလာလို့လား၊ ဒေါသပိုထွက်လာကြလို့လား၊ မျက်နှာအရေပြားဆဲလ်တွေ ရင့်ရော်လာလို့လား၊ အလုပ်တွေ ပိုလုပ်ရလို့လား၊ လူမှုရေးအရ ပြုံးပြ . ရီပြရတာ များလွန်းလို့လား၊ ငယ်ငယ်ကထက် တိုက်ရခိုက်ရ တာတွေ ပိုများလာလို့လား၊ လောဘတွေ များလာလို့လား၊ ဒါမှမဟုတ် ပိုပြီး စိတ်ကူးယဉ်တတ်လာကြလို့လား……..။
ခပ်မာမာဖြစ်နေတဲ့ ကျနော့် မျက်နှာကိုမြင်ရင် မေမေ မှတ်မိပါဦးမလား ဟင်။
အိပ်မက်တွေ တပုံတပင်နဲ့ ကျနော့်ရဲ့ ကျောင်းသားဘဝမှာ သတ္တိမျိုးစုံ မွေးခဲ့ဖူးပါတယ်။ ဒါပေမယ့် ကြက်ခြေခတ်တွေ ရှုပ်ယှက်ခက်နေတဲ့ အရှုံးများစွာနဲ့လူငယ် ….
အကြည့်တွေကို မုန်းတယ်။
နှင်းတွေကလဲ တဟုန်းဟုန်းဝေပါတယ်။
ပန်းတွေကလဲ တဝုန်းဝုန်းကြွေပါတယ်။
အေးစက်တုန်ယင်နေတဲ့ ကျနော့် အလွမ်းတွေလဲ တဘုန်းဘုန်းလဲကျ သေ .. ပါ .. တယ်။

နက္ခတ်မှားပွင့်တဲ့ ကြယ်တစ်စင်းမှာ
မြှားတွေလာလာစိုက်
မေမေရေ …
ကျနော့်ကို ကယ် ပါ။

ကောင်းကင်ဟာ သူ့ရင်ခွင်ထဲမှာ ခွေခွေလေးအိပ်ပျော်နေတဲ့ လခြမ်းလေးကို ကြယ်သီချင်းနဲ့ ချော့သိပ်တယ် မေမေ။ ကိုယ့်ကိုကိုယ် သိုင်းဖက်ပြီးပဲ အိပ်စက်ဖို့ ဖြစ်လာတဲ့ အခါ ငရဲလိုညမျိုးလဲ
ကျနော် ပျော်အောင် အိပ်ခဲ့တယ်။ ဒါပေမယ့် ပန်းပွင့်တွေ ကခုန်ပျော်မြူးတဲ့ အကြောင်းကိုတော့ (အခွင့်ရှိလဲ) ယောင်လို့တောင် အိပ်မက် မမက်ခဲ့ဘူး။
ကျနော်က ဘယ်လိုကောင်လဲ မေမေ…။
ခြစ်ကုပ်ကြိုးစားခဲ့ရတဲ့ ကာလတွေမှာ သတိတရနဲ့ မေမေ့အကြောင်း ကဗျာတွေ ရေးခဲ့ဖူးပါရဲ့။
မုန်တိုင်းတွေကြားမှာ အလဲလဲ အပြိုပြို ၊ ကျနော်လေ သိတတ်စ အရွယ်ကတည်းက အမိ တခဲ့တဲ့ ကောင်ပေါ့။

ရသမြောက်အောင် ယိမ်းခါပြစမ်းပါ နှင်းတွေရယ်
မင်း ဖြန့်ကြဲထားတဲ့ ရနံ့တွေမှာ ငါပျော် ဝင်ချင်လို့…။

ဘယ်ဆီဘယ်ဝယ် မှာမှန်းမသိပေမယ့် ကျနော့်ကို စိတ်ချပါတော့ မေမေ။
ချစ်တဲ့ နှင်းတွေနဲ့အတူ ကျနော်နဲ့ ခရေပင်ကြီး ပျော်ပါတယ်။
…………………………။
လေပြင်းတွေ ရိုင်းရိုင်းပက်ကြဲရင်း ဆောင်းဟာ သူ့ရင်ခွင်ထဲက နှင်းတွေနဲ့ ကမ္ဘာကိုပုံဖော်နေတယ်။
ကျနော်ဟာ နှင်းကို ချစ်ခဲ့တယ်။
ထပ်ပြောလဲ ဒီစကားပဲ။
ကျနော်ဟာ နှင်းတစ်ပွင့်ထဲကိုပဲ ပန်ထားတဲ့ ဆောင်းရာသီဖြစ်တယ်။

အဖြူစင်ဆုံးပဲ လင်းပြချင်ပါတယ်ကွယ်
ဖြစ်နိုင်ရင် ငါ့ကို
ခပ်နက်နက် ဆေးမခြယ်ပါနဲ့။
ဘဝမှာ အမှောင်တွေကို သပ်ချဖို့
သီချင်းတပုဒ်တော့ ငါဆိုဦးမယ်။
အဲ့ဒါဟာ နှင်း အကြောင်း ဖြစ်ကောင်းဖြစ်မှာပါ။

Dec 19, 2007

ရနံ့ရှိသော မျက်လုံးများ

သိပ်အသိသာကြီး မဟုတ်သော်လည်း နံနက်ခင်းက နေလို့ထိုင်လို့ ကောင်းနေသည်။
သူငယ်ချင်း များများစားစား မရှိသော သူမအတွက်တော့ ဒီလို မနက်မျိုးတွင် တစ်ယောက်ထဲ လမ်းလျှောက်ထွက်ဖြစ်သည်က များသည်။ သူမကဲ့သို့ပင် ထခြားမြို့ခံလူများသည်လည်း မြို့ကလေး၏ တစ်ခုတည်းသော ပန်းခြံတွင် လေ့ကျင့်ခန်းလုပ်သူကလုပ်၊ စကားတပြောပြောနှင့် လမ်းလျှောက်သူက လျှောက်နေကြသည်။ လူဦးရေ နည်းပါးသော ဤမြို့ကလေးတွင် တစ်ဦးတည်းသောသမီးသူမသည် မိခင်နှင့်အတူ နှစ်ယောက်တည်း နေထိုင်သည်။ အပ်ချုပ်လုပ်ငန်းပိုင်ဆိုင်ထားသော သူမတို့ဘဝသည် လူပုံအလည်တွင် မကြောင်းမကြတော့ နေနိုင်ကြသည်။ အမေတစ်ခု သမီးတစ်ခုဆိုပြီး နှိမ်ချင်ကြသူတွေ၊ ရိသဲ့သဲ့ လုပ်သူတွေ ပေါများသော်လည်း မာနတစ်ခွဲသားနှင့် ဥာဏ်ထက်သောသူမကို မြို့ခံလူများက ရှိန်ကြသည်။ ပြီးတော့ အနည်းငယ်ဆိုးပြီး ဂျစ်ကန်ကန်ဖြစ်ပေမယ့် သူမက ပုရိသယောက်ျားတွေ လှည့်ကြည့်ယူရလောက်အောင်ပင် ဆွဲဆောင်မှုရှိသည်။ ဒါ့ကြောင့်လည်း ခေတ်ကာလသားတွေ ပါးစပ်ဖျားမှာ ဟမ်းလော့ ဆိုပြီး နာမည်ကြီးသည်။ စကတ်တိုတိုလေးတွေ ဝတ်လေ့ရှိသော သူမသည် ဘယ်နေရာ သွားသွား လူတွေဝိုင်းကြည့်တာ အမြဲလိုလိုခံရတတ်သည်။ အဲ့ဒီ လူတွေရဲ့ မျက်လုံးတွေကိုတော့ မီးတောက်နေတဲ့ ဖန်ဂေါ်လီတွေ လို့ သူမက နာမည်ပေးထားပြီး ကွယ်ရာတွင် ကျိတ်ရီနေလေ့ရှိသည်။

ခုလည်း သူမလျှောက်လာရာ လမ်းတစ်နေရာတွင် လူငယ်တစ်စုက သူမအား ဝိုင်းကြည့်နေကြသည်။ စိတ်ထဲတွင် အနည်းငယ်တော့ ကသိကအောင့် ဖြစ်မိသည်။ မျက်လုံးတစ်စုံစီက အဓိပ္ပါယ်ကိုယ်စီ နှင့်။ ဘာတွေမှန်းတော့ သူမလဲ ရေရေရာရာ မခွဲခြားတတ်။ မာနစိတ်ခံအရ ပြန်ပြီးတော့လည်း စိုက်ကြည့်မနေ ခြင်သဖြင့် ဒီအတိုင်းပဲ ဖြတ်လျှောက်လာခဲ့သည်။ မေရီ ပါလာရင်ကောင်းမှာပဲ ဟုလည်းတွေးနေမိသည်။ မေရီ ဆိုတာက သူမရဲ့ အိမ်နီးချင်း ဖြစ်သလို အတန်းဖော်လဲ ဖြစ်တဲ့ ခပ်ဝဝကောင်မလေး။ ဒီမနက် မှာ အိပ်ယာက နှိုးမရလို့ ကျန်ခဲ့တာ။ ဘာပဲပြောပြော စကားလေးပြောပြီး အိနြေ္ဒကြီးနဲ့ မသိချင်ဟန်ဆောင် နေလို့ရတာပေါ့။ ခုကျတော့ ကောင်လေးတွေ အမြင်မှာ သူမမျက်နှာ နည်းနည်းတော့ ပျက်ကောင်းပျက်နိုင်သည် မဟုတ်လား။ တဖက်ကလည်း ဘယ်သူက ဘယ်လို စိတ်မျိုးနဲ့ ကြည့်တာလဲ ဆိုတာ သိချင်သေးသည်။ မိန်ကလေး တစ်ယောက် လမ်းလျှောက်ထွက်လာတာကို ရိသဲ့သဲ့ လိုက်လုပ်ချင်တဲ့ အကြည့်တွေလား။ ဒီကောင်မလေး တယ်ချောပါလား ဆိုတဲ့ အတွေးသက်သက်လောက်နဲ့ပဲ ကြည့်တာလား။ ဒါမှမဟုတ် မမြင်ဖူးလို့ ရုတ်တရက်ကြည့်မိလိုက်တာ မျိုးပဲလား ဆိုတာ မခွဲခြားတတ်။ အကုန်လုံးကလည်း တူချင်မှ တူမည်လေ။ တစ်ယောက် အကြည့်တစ်မျိုးစီလဲ ဖြစ်နိုင်တာပဲ။ တစ်ခုရှိတာက စွဲလမ်းသွားပြီး မေတ္တာယှက်နေတဲ့ အကြည့်မျိုးကိုလဲ သူမ မသိစိတ်က လိုချင်နေမိသေးသည်။ အပျိုအရွယ်ရောက်နေသော သူမသည် ချစ်သူရည်းစားမရှိသောကြောင့် တစ်ချို့အပေအတေကောင်လေးများ၏ လိုက်နှောက်ယှက်ခြင်းကို ခံခဲ့ရသည်။ အားကိုလိုချင်တဲ့ သဘာဝအလျှောက် တည်တည်တံ့တံ့ပုဂ္ဂိုလ်မျိုးကိုတော့ ချစ်သူအဖြစ် လိုချင်မိသည်။ ထိုလူငယ်တွေကလည်း သူမနှင့် အသက်သိပ်မကွာချေ။ ဒါ့ကြောင့် ခုနက သူမတွေးမိသလို ရင်းနှီးလိုလို့ ကြည့်နေတာလဲ ဖြစ်နိုင်သည်။ ဘာပဲဖြစ်ဖြစ် ပြန်ရောက်ရင်တော့ မေရီ့ကို ဒီအကြောင်း ပြောပြဦးမည်ဟု တွေးနေလိုက်သည်။

တစ်ခါတစ်ခါကျတော့လည်း လူတွေရဲ့ အကြည့်တွေကို သူမမုန်းသည်။ အနံ့မျိုးစုံ၊ အရောင်မျိုးစုံ နှင့်။ ရိုးသားခြင်း၊ သစ္စာတရား၊ သိမ့်မွေ့ခြင်းဆိုတာတွေ သူတို့ မျက်လုံးတွေမှာ မရှိကြ။ လူ့ အတွင်းစိတ် သန္တာန်သည် မျက်လုံး၌ တည်သည် ဟု အမေပြောဖူးသည်ကို အမှတ်ရနေမိသည်။
ဟန်ဆောင်ကောင်းတဲ့သူတွေဆိုရင်ကော။ တစ်ချို့ကလည်း လူရှေ့တွင်တော့တစ်မျိုး လူကွယ်ရာတွင် အရှက်နည်းတတ်ကြသည် မဟုတ်လား။ ဟိတ်ဟန် အပြည့်နဲ့ နေတိုင်း လူကြီးလူကောင်းလို့ ပြောလို့မှ မရတာ။ အကြင်နာ အပြည့်နဲ့ မျက်ဝန်းတွေလည်း ထင်သလောက်တော့ မရှားနိုင်ပါဘူးလေ။ ညနေကို ငေးမောရင်း အိမ်ရှေ့ခြံလေးထဲတွင် သူမတစ်ယေက်တည်း တွေးနေမိသည်။ မျက်ဝန်းတွေနဲ့ လူ့သိက္ခာ တွေအကြောင်း သိချင်စိတ်က တဖွဖွ။ စဉ်းစားရင်း တစ်ခါက မေရီပြောဖူးသော ရွှတ်နောက်နောက်အကြံ တစ်ခုကို သွားသတိရမိသည်။ ဆိုးတော့မဆိုး။ မိန်းကလေး သိက္ခာတော့ နည်းနည်းကျနိုင်သည်။ ဒါပေမယ့် တစ်ခုရဖို့ တစ်ခုတော့ ရင်းရမှာပဲလေ။ အလဲလှယ်လုပ်ရတာ တန်မယ်လို့ထင်ပါတယ်။

မျက်ဝန်းတွေ အကြောင်းကိုတော့ ဖတ်စာအုပ်တစ်အုပ်လို ဖတ်ရဦးမည်။

တစ်ခုသော ရုံးတက်ရက်မှာတော့ သူမ အကြံအစည်ကို အကောင်အထည် ဖော်လိုက်သည်။ ရှင်းပါသည်။ အိင်္ကျီခပ်ဟိုက်ဟိုက်ရယ်၊ စကပ်တိုတိုရယ်ကို ဝတ်ကာ လူစီးများသော လိုင်းကားပေါ် ထိုင်လိုက်သွားရန်သာ ဖြစ်သည်။ အင်္ကျီမှာတော့ လူတွေ တော်ရုံမမြင်နိုင်တဲ့ ကပ်ခွာ ကင်မရာလေး တစ်ခုကပ်ထားလိုက်သည်။ လိုင်းကားကို ဂိတ်စထိသွားပြီး စောင့်စီးဖိုတော့လိုသည်။ ဒါမှ ထိုင်ခုံမှာ ထိုင်လိုက်ပြီး တစ်လမ်းလုံး အိပ်ချင်ယောင်ဆောင်ပြီး လိုက်သွားနိုင်မည် လေ။ သူမ အကြံက လိုင်းကားသွားရာ လမ်းတစ်လျှောက် သူမထိုင်နေသော ထိုင်ခုံရှေ့တွင် ခရီးသည် တစ်ယောက်ပြီးတစ်ယောက် လာထိုင်ကြလိမ့်မည်။ ထိုအခါ အိပ်မောကျနေပြီထင်သော အိင်္ကျီဟိုက်ဟိုက်၊ စကပ်တိုတိုနှင့်သူမကို အကြည့်မျိုးစုံဖြင့် ကြည့်ကြလိမ့်မည်။ သူမကတော့ ဘာမှအရေးလုပ်စရာမလို။ မသိချင်ယောင်ဆောင်ပြီး မျက်စိမှိတ်ထားလိုက်ရုံပင်။ အဲ့အကြည့်များကို ကင်မရာက ကူးယူးထားလိမ့်မည်။
နောက်ဆုံးတော့ အခက်အခဲမရှိပဲ လိုင်းကား ဂိတ်ဆုံးကို ရောက်ရှိသွားသည်။ ကားပေါ်ကဆင်းတော့ သူမပျော်နေသည်။ ဒီမြို့ခံလူတော်တော်များများရဲ့ မျက်လုံးတွေ ဘယ်လိုပုံလဲဆိုတာ သူမသိရတော့မည်။ ဒါနဲ့ပဲ အိမ်ကို ကားငှားပြီး ပြန်လာခဲ့လိုက်သည်။

………………………..
တရားရုံးတစ်ခုတွင်ဖြစ်သည်။

တရားသူကြီး။ ။
ဟေ့ တရားခံ .. ရုံးတော်ထဲမှာ ခင်ဗျားက ဘာဖြစ်လို့ နေကာမျက်မှန်အနက်ကြီး
တပ်ထားရတာလဲ။
တရားခံ။ ။
ကျနော့် နှလုံးသားကို ခင်ဗျားတို့ မမြင်ရတဲ့ အတွက် အမှန်ကို ဖတ်နိုင်မှာ မဟုတ်
ဘူး။ ကျနော့် စကားသံနဲ့ လေယူလေသိမ်းကလည်း သေချာလေ့ကျင့်ယူထားတာ
ဖြစ်တဲ့အတွက် ခင်ဗျားတို့ရိပ်မိမှာ မဟုတ်ဘူး။ ဒါပေမယ့် ဂနာမငြိမ်တဲ့ ကျနော့်
မျက်လုံးတွေကိုတော့ ခင်ဗျားတို့ သံသယ ဝင်လိမ့်မယ်။ ဒါကြောင့် ဒီမျက်မှန်
အနက်နဲ့ ဖုံးထားတာ။
တရားသူကြီး။ ။
အဲ့လိုဆိုလဲ မင်းရဲ့မျက်လုံးတွေကို ဖောက်ထုတ်ထားပေါ့ကွာ။
ရုံးတော်ကို လေးစားသမှုနဲ့ အဲ့မျက်မှန်အနက်ကြီးကိုတော့ ချွတ်ထားလိုက်။
………………………….


သူမရင်တွေ အခုန်မြန်နေသည်။ ကူးယူလာသော ကင်မရာကို တီဗွီနဲ့တွဲပြီးဖွင့်ကြည့်လိုက်သည်။
ဟော… ပထမဆုံး တစ်ယောက်က သူမတို့မြို့ရဲ့ မီးသတ်ဌာနမှူးကြီးဖြစ်သည်။ ဒီလူကြီးကတော့ သိက္ခာရှိလောက်မည်ဟု သူမ ထင်နေလိုက်သည်။ ထိုင်ခုံမှာထိုင်တော့ ရှေ့ကသူမကို ကြည့်သည်။ ဒီကောင်မလေး မြင်ဖူးပါတယ် ဟုလည်း တွေးနေပုံပေါ်သည်။ နောက်တော့ လက်ကနာရီိကိုကြည့်သည်။ ပြီးတော့ သူမကိုပြန်ကြည့်သည်။ ဒီအကြည့်ကတော့ ဖတ်လို့မရ။ ခဏနေတော့ သေသေချာချာစိုက်ကြည့်ပြီး မျက်နှာလွှဲသွားသည်။ အပြင်ကိုကြည့်နေ သလိုလိုနှင့် သူမဖက်ကို မျက်နှာ ပြန်လှည့်လာပြန်သည်။ ဒီတစ်ခါတော့ ဖတ်လို့ရပြီ။ သမီးချင်းမှကိုယ်ချင်းမစာနာ။ အကြည့်ကိုက အပေါစား အရက်ပြင်းပြင်းတစ်ခွက်အနံ့ နံနေသည်။ တဏှာဖြင့်တောက်နေသော ထိုသူကြီး၏ မျက်လုံးသည် ကြည့်ရင်းကြည့်ရင်းဖြင့် နီရဲပြီးတကယ်မီးလောင်နေသည်ဟု ပင်ထင်ရသည်။
လူ့သိက္ခာဆိုတာ ဒါလားကွယ်။ လူရှေ့သူရှေ့မှာကျ သိက္ခာရှိဟန်ဆောင်ပြီး လူကွယ်ရာမှာကျ စိတ်ဓာတ်တွေက အောက်ကျလိုက်တာ။ အဲ့ဒါကို ဘယ်လို ဥပေဒေနဲ့ အပြစ်ပေးရမလဲ။

ထိုလူကြီး ဆင်းသွားပြီး သူမရှေ့မှာ လာထိုင်သူက မိန်းမဝဝကြီး တစ်ယောက်။ ရွှေတွေငွေတွေ ကတော့ သူ့တစ်ကိုယ်လုံး အပြည့်။ ခုနက လူကြီးနှင့် ဘာမှတော့ မထူးခြား။ သူမ အဖြစ်ကို ကြည့်ပြီး ပါးစပ်ကလဲ ပွစိပွစိပြောနေသေးသည်။ အသံကျယ်ပြီး နားစိုက်ကြည့်လိုက်တော့မှ သူမကို အတင်းပြောနေမှန်း သိရသည်။ ‘အသက်လေး ခပ်ငယ်ငယ်နဲ့ ဖြစ်ပျက်နေလိုက်တာ သူ့မိဘသိရင် ရင်ကျိုးတော့မှာပဲ’ ၊ ဒီစကားကတော့ မိဘချင်းကိုယ်ချင်းစာနာတဲ့ သဘောပါပဲ။ ဘာပဲပြောပြော မဆိုးဘူးပေါ့။ ဆက်ပြောသည့် စကားများကတော့ ကြားလို့ပင်မကောင်း။ အယုတ္တအနတ္တတွေ။ သူမို့လို့ ပြောထွက်သည်။ အသက်အရွယ်မှမထောက် တဗြစ်တောက်တောက်နှင့် မျက်နှာကြီးကလည်း မဲ့ရွဲ့နေသေးသည်။ ထိုမိန်းမကြီး၏ မျက်လုံးများကတော့ ပန်းတွေရဲ့အပုတ်နံ့ လိုမျိုး နံနေသည်။ ဘယ်မှာသွားလွှင့်ပစ်ရမည်လဲ။

အခုထိုင်နေသည့် တစ်ယောက်ကတော့ ဆေးသမားဖြစ်ပုံရသည်။ ငိုက်စိုက်ငိုက်စိုက်နှင့် သူ့ကိုယ်သူ မနည်းထိန်းနေရသည်။ အခြေအနေက သူမကို ကြည့်ဖို့မပြောနှင့် မျက်လုံးပင်မဖွင့်နိုင်လောက်အောင် ဆေးမူးနေသည် ထင်သည်။ ရက်လွန်နေသော ပေါင်မုန့်တစ်လုံးရဲ့အနံ့မျိုးဖြင့် ထိုသူ၏ မျက်လုံးများ မှေးဝင်သွားသည်။ ကြည့်ရင်းဖြင့်ပင် သူမ စိတ်ပျက်လာသည်။ ဒီလို မျက်လုံးတွေကိုရော ဘယ်နှလုံးသားက ထိန်းကျောင်းသလဲ။

နောက်ထပ်လာထိုင်သူကတော့ ဘုန်းတော်ကြီးတစ်ပါး။ ရုတ်တရက် လန့်ပင်လန့်ချင်သွားသည်။ သူမသတိမပြုမိလိုက်ဖူးလေ။ နည်းနည်းတော့ အားနာသွားသည်။ ဘုန်းတော်ကြီးကလည်း ထိုင်ထိုင်ချင်းတချက်ကြည့်သည်။ ပြီးတော့ မျက်လုံးမှိတ်ပြီး ငြိမ်ငြိမ်လေးလိုက်လာသည်။ ခဏကြာတော့ တချက်ထပ်ကြည့်သည်။ မဖြစ်သင့်ဘူး၊ မကြည့်သင့်ဘူး၊ စိတ်ကိုထိန်း၊ တရားထဲမှာပျော်ဝင် .ဆိုပြီး သူ့စိတ်သူ နွားသိုးဖမ်းသလို လိုက်ဖမ်းနေပုံရသည်။ နောက်တော့ ထိုင်ရာကထပြီး တခြားနေရာမှာ သွားရပ်သည်။ ကောင်းတော့လဲ ကောင်းပါသည်။ စိတ်ကို ထိန်းရတဲ့ အလုပ်ဆိုတာ အခက်ဆုံးပဲလေ။ အဲ့ဒီစိတ်ကို မထိန်းနိုင်ရင်တော့ မကောင်းမှုဆွဲဆောင်ရာတွေ အများဆုံးဝင်တတ်တဲ့ ဒီမျက်လုံးတွေကို ပိတ်ထားတာ ပိုကောင်းမယ်။

သူမ ဆက်မကြည့်ချင်တော့။ စိတ်တွေက လေးလံနေပြီလေ။ တီဗွီကို တချက်ပြန်ကြည့်မိလိုက်တော့
ဦးထုပ်ကို ခပ်ငိုက်ငိုက်ဆောင်းထားသော လူတစ်ယေက် သူမရှေ့တွင် ဝင်ထိုင်လိုက်သည်ကို တွေ့ရသည်။ သေချာကြည့်တော့မှ ထိုသူရဲ့ မျက်လုံးတွေကို မြင်ရသည်။ ဆက်ခနဲ သူမ ထရပ်မိသည်။ ထိုယောက်ျားသားသည် သူမစိတ်ထဲတွင် ကြိတ်၍ လေးစားနေရသော သူဖြစ်သည်။ သူမ နှလုံးသားက ကိုင်းညွှတ်နေသော သူလဲ ဖြစ်သည်။
ဘုရားရေ…. … ဘယ်လိုရနံ့မျိုးများ ငါ ရှူရှိုက်ရဦးမလဲ။
ရုတ်တရက် ထိုသူ၏ မျက်လုံးများ မီးထတောက် လေသည်။
တဏှာဇောနှင့် ကိလေသာ မီးလောင်မြိုက်နေသော အတ္တဘောခန္ဓာကိုယ် တို့၏ မျက်လုံးများသည်
ညှီစော် နံ ပါ သည်။

Dec 15, 2007

ချစ်သူလွမ်းဖို့ ဆောက်တဲ့ပုံပြင်

ညိုရုံပဲ ညိုတဲ့ ကောင်းကင်ဟာ တလောကလုံးကို မျက်နှာလွှဲပြီး ငိုနေတယ်။
ကဲ ဘာဆက်လုပ်ကြမလဲ။ ဘဝ ဟာ စပျစ်သီးတစ်ခိုင်ဖြစ်ခဲ့ရင်တောင် ဝိုင်တစ်ခွက်ဆက်မဖြစ်ချင်တဲ့ သူဟာ ငါ ပါ။ ဒါပေမယ့် ‘ဝ’ လုံးကလေး ဝိုင်းအောင်ရေးတာက အစ သံသရာကလွတ်မြောက်ရေးထိ အဆုံး လူ့လောကဟာ ကြိုးစားစရာတွေ သိပ်များတယ်။ ထိပ်ထားရယ် .. ငါ ကြိုးစားရဦးမယ်လေ။
ကောင်းကင်ကို ပျံတက်မယ့် ငှက်ဟာ သူ့အတောင်တွေကိုတော့ ဆန့်ထုတ်ထားရမယ် မဟုတ်လား။
တက်ကုန်ရွက်ကုန် ဖွင့်ပြီး ဒီခရီးကို ငါသွားရတော့မယ် ။
ထိပ်ထားရေ…
နေလုံးကလေးထမ်းပြီး အနောက်ရိုးမကနေ ထွက်လို့သွား
နောက်တစ်ခေါက် ပြန်ပွင့်ခွင့်မရတော့တဲ့ ကောင်းကင်ဟာ .. ငါ ဖြစ်ရဲ့ …။

လွမ်းသူ့ပန်းခွေတစ်ခက်ကို
ထီးလိုမိုးပြီး
ဟော့လို ရင်ကော့ရဲပါတယ်
အဲ့ဒီနေ့က
မင်းအင်္ကျီစလေးပဲ ဖြစ်ဖြစ်
ငါ .. ဆွဲကိုင်ထားချင်ခဲ့တာ…..။

အဲ့ဒီနေ့က
အလင်္ကာတွေတောင်
ထမ်းပိုးခွင့် မထိုက်တဲ့
မြက်ပင်ရိုင်းတွေရဲ့ ဂီတပေါ့
တရှပ်ရှပ်နဲ့ ကခုန်
မိုးကုပ်စက်ဝိုင်းကိုတော့
နမ်းခွင့် မပိုင်ခဲ့ဘူး။

အဲ့ဒီနေ့က
ဟော့ဒီလက်ချောင်းတွေနဲ့ ဆုတောင်း
အဲ့ လက်ချောင်းတွေနဲ့ပဲ
ငါတို့ နှုတ်ဆက်ခဲ့ကြတယ်။

အဲ့ဒီနေ့က
စိုက်ခဲ့တဲ့ ပန်းတွေ အားလုံးလဲ သေပါတယ်။
နောက်ဆုံး
မင်းမမြင်လိုက်တဲ့ ငါ့ခြေလှမ်းတွေလဲ
ဒရွတ်တိုက်ပဲ … သေတယ်။

အမေက ပြောတယ်။ ‘မာယာတွေ ရစ်သိုင်းထားတဲ့ လောကဓံတရားရဲ့ အောက်မှာ ဘယ်လူသားမှ ဒဏ်ရာမကင်းဘူး’ တဲ့ ။ ဘဝက ခါးလိုက်တာ အမေရယ်။ မူးယစ်ရီဝေပြီး မေ့ပျောက်ပစ်လိုက်ရင်တောင်
အမှတ်ထင်ကျန်ခဲ့ဦးမယ့် ဒဏ်ရာမျိုးတွေ ဟော့ဒီကောင်အတွက် များနေပြီ။
တစ်ချိန်က ‘ငါ့ ဘဝရဲ့ လမ်းတွေမှာ တေလေဘီလူးတို့ စောင့်လိုက စောင့်စေ’ ဆိုပြီး ဟစ်ကြွေးခဲ့ဖူးတယ်။ တစ်ချိန်က နှလုံးသားမှာ နှင်းဆီဆူးတွေ စိုက်ပျိုးဖို့… စေတန်ပေးတဲ့ လက်ဆောင်
ရိုးသားစွာနဲ့ ငြင်းခဲ့ဖူးတယ်။ လှိုင်းတမော့မော့နဲ့ မြစ်ကမ်းကိုလဲ ဦးခိုက်ဖူးတယ်။ လက်ရာတွေ အကြိမ်ကြိမ်ညံ့ခဲ့လို့ ကမ္ဘာဦးနေ့ ရဲ့ ပထမဆုံး ဆည်းဆာရောင်နဲ့ အတူ ငါ့အလွမ်းတွေ သမိုင်းဝင်ခဲ့သေးတယ်။
ငုံ့လျိုးတောင်းပန်ခဲ့ဖူး သလို ကိုယ့်ရင် ကိုယ်လဲ ချွေးသိပ်ဖို့ မေ့နေခဲ့ဖူးတယ်။

လွင့်လွင့်ပါးပါး
ဒီဂျစ်ပစီကောင်ရဲ့ ညဟာ
လမင်းကို ကြိုးစင်တင်ထားသလိုပါပဲ
အလင်းတွေ ညှီစို့
ခေါင်းစိုက် ငိုက်ကျ နေခဲ့ ပြီ။

လေပြေထွေးက အများသုံးဘာသာစကားနဲ့ လာနှစ်သိမ့်တယ်။ မသေခင်တော့ မေးသွားရဦးမယ်လေ..။
အလွမ်းဆိုတာ ဘုရားရှင်လက်ထဲမှာ ဆုပ်ထားတဲ့ ငရဲမီးတောက်လောက် ပူသလား။
ဒုက္ခကို ဟောထားတဲ့ ဗုဒ္ဓရဲ့တရားတော်မှာ တတ်နိုင်သလောက် ငါငြိမ်းချမ်းပါရစေ..။

ထိပ်ထားရေ…
ငါ့ကို နားလည်ပါ
နား လည် စမ်း ပါ….. … ။

နင် စေခိုင်းမှ ပြောခွင့်ရှိမယ်ဆိုရင်တော့ ငါဟာ ‘အ’ နေတဲ့ ကောင်ပေါ့။ နင်လျှောက်လမ်းခဲ့တဲ့ မြေနီလမ်းတွေ …၊ နင် လွမ်းတတ်တယ်ဆိုတဲ့ အလင်းနွေးနွေး အိပ်မက်တွေ .. တစ်နေ့မှမေ့လို့ မရခဲ့ဘူး။ နင်ကတော့ စာသင်ခုံထောင့်စွန်းမှာ နှင်းဆီတွေ လာလာစိုက်တဲ့ ခပ်နွမ်းနွမ်း ကျောင်းသားလေးကို မေ့နေပြီလားလို့ နှုတ်ခမ်းကိုက်ပြီး စဉ်းစားဖူးတယ်။

လက်သန်းလေး နှစ်ချောင်းက ခေါင်းညှိပ်ခဲ့တဲ့ သစ္စာတွေ
ဘယ်ပုံဘယ်နည်းနဲ့ ပြိုပျက်သွားသလဲ….
နင်မစီးတော့ တဲ့ ဖိနပ်ကလေးလို သဲကြိုးပြတ်နေတဲ့ ကောင်ဟာ ငါပါ ထိပ်ထားရယ်…။

ငါရွတ်လေ့ရှိတဲ့
နမိတ်ဖတ်ပုံပြင်တွေ…
‘လ’ တခြမ်းပဲ ရွက်ထားတဲ့
ကောင်းကင် လင်္ကာတွေ
ထိပ်ထားရယ်…
မိုးခါးရေသောက်ရတာလဲ .. မောတယ်။

ပူလောင်အက်ကွဲနေတဲ့
မြေမှုန်တွေနဲ့ ငါ့အိပ်မက်ကို ဖန်ဆင်း
မွန်းကြပ် ပိတ်လှောင်မှုဟာ
အချိန်မကြည့်တတ်တဲ့ ဆောင်းတွင်းလိုပဲ
ထွက်သွားဖို့ မေ့ .. မေ့ နေတတ်တယ်လေ။

ငါ ရေးခဲ့ဖူးတဲ့
ဒဏ္ဍာရီ တစ်ပိုဒ်မှာတော့
‘မီးခွက်ဆိုတာ အလင်းပြပြကိုလဲ
အာခေါင်မှာ ဆုပ်ကိုင်ရဲတယ် ’ ….။

တကယ်တော့
ငှက်ဝါလေးရဲ့ သဲကြိုးပြတ်အိပ်မက်တွေ
သန်းခေါင်တေလေနဲ့
ညညတွေ ဘီလူးဆန်ပါတယ်။

ဒီလိုနဲ့ပဲ
ငါ့ ရင်ဘတ်ပေါ် လက်ကလေးတင်
လောက ဓမ္မမီးအိမ်နဲ့
ရာဇဝင်တွေ ခရီးဆက်ဦးမယ်။

ထိပ်ထားရေ …
မီးတပိုင်း ရေတပိုင်းနဲ့
ငါ … ပစ် ပေါက် စိုက် ပျိုး
နင့် အတွက်
ပုံပြင် တစ်ပုဒ် ရှိ ခဲ့ ဖူး တယ် … ။

Dec 6, 2007

ခရီးသွားအနုပညာ

ဆို ဆုံးမ လို့ မရတဲ့ ဂျစ်ပစီအနုပညာပါ
ကိုယ့်ကို ကိုယ် ထုဆစ်
ထစ် ခွင်းထားတဲ့ ကာရံလဲ ဖြစ်တယ်…။

တစ်ခါတစ်ခါ တော့လည်း ငါဟာ မိုးရေစက်ကလေး ဖြစ်တယ်။
တိမ်တွေ က ဖြန့်ထုတ်လိုက်တဲ့အခါ ကောင်းကင်ပြင်မှာ လွင့်ဝဲ လို့…..
လေနှင်ရာကို ခရီး ထွင်ခဲ့ရတယ်။
တဖြည်းဖြည်းနဲ့ အတော်လေးမြင့်တဲ့ သစ်ပင်ကြီး တစ်ပင်ဆီကို ငါ ရောက်သွားဖို့ ဖြစ်လာတယ်။
အဲ့ဒီမှာ စိမ်းစိုနေတဲ့ သစ်ရွက်လေး တစ်ရွက်ပေါ် ငါ သွားကျတယ်။
ငါ့ရဲ့ အလေးချိန် ကြောင့် အဲ့ သစ်ရွက်လေးပေါ်ကနေ တဖြည်းဖြည်း လျောကျ….
ထိပ်စွန်းလေးမှာ သီး ခို နေခဲ့တယ်။
ငါ ပျော် လိုက် တာ….။
ဟီးလေးခိုရင်း နဲ့ နောက်ဆုံး တစ်ချက်မှာ .. ငါ ပြုတ်ကျသွားတယ်။
ငါ့ ကိုယ်ငါ ဆန့်ပြီး လေလွင့်ရာမှာ မျက်စိမှိတ် နေလိုက်တယ်။
မြေပြင်နားရောက်ခါနီး ပြီလေ…။
ရင်တွေ ခုန်နေမိသေးတယ်။
အဲ့ဒီမှာ အရှိန် ပြင်းပြင်းမောင်းလာတဲ့ ကားတစ်စီးကို ဖြတ်ခနဲ ငါ ကြည့်မိလိုက်တယ်။
တစ်ချိန်တည်း လေပြင်းတစ်ချက်ကလည်း ငါ့ကို ဆွဲခေါ်သွားတယ်။
ရုန်းဆန် ထွက်ပြေး မရနိုင်အောင် လေ က ချည်နှောင် ပြီး သား …. ။
ခဏလေးပဲ…
လျှပ်တပြက် ငါ တွေ့လိုက်တာက … ကားရဲ့ နောက်ကြည့်မှန်..။
….
ဖျောင်း ..
………………………………
………………………………
သွားပြီ .. ငါ့ခန္ဓာကိုယ်ဟာ အစိတ်စိတ် အမွှာမွှာ လွင့် ဖျာ သွားခဲ့ပြီ။
စုစည်းမှု အားနည်းလွန်းတဲ့အခါ
ခပ်ပြင်းပြင်း နေရောင်က ဖြို … ခွဲ…..
မိုးစက် တစ်ပွင့်ရဲ့ ဘ၀ ဟာ
ပြို … ကွဲ … ဖို့ ဖြစ်လာသလား..။


ဝေလီဝေလင်းမှာ တက်ခဲ့တဲ့ တောင်
အခု မှောင် တော့မယ်။
ဟောဟိုက မိုးကုပ်စက်ဝိုင်းရေ…
မင်းချစ်တယ်ဆိုတဲ့ သီအိုရီဟာ
မြေကြီးလို အယူအဆလား…
ကောင်းကင်လို အယူအဆလား…
ငါ့ကို ပြောပြစမ်းပါ…။

တစ်ခါတစ်ခါကျတော့လည်း ကျနော် က နောဧ ဖြစ်နေတယ်။
လူသားတွေ အပြစ်သိပ်လုပ်ကြလွန်းလို့ ဘုရားသခင်က ကမ္ဘာကိုရေနဲ့ဆေးတဲ့ အခါ
ကျနော်ဟာ… မိသားစုရယ် .. တိရစ္ဆာန်တစ်စုံစာစီရယ် ကို
ဆောက်လုပ်ထားတဲ့ သင်္ဘောကြီးတစ်စင်းနဲ့ တင် ခေါ်ပြီး ပင်လယ်ကို ရွက်လွှင့်ခဲ့တယ်။
ဘုရားသခင် အလိုအရ.. ကျနော်ဟာ ဒီပင်လယ်မှာ ခရီးနှင်ရင်း ပထမဆုံးတွေ့တဲ့ ကျွန်းမှာ
နောင်တစ်ခေတ်အတွက် ကမ္ဘာကို တည်ရမှာ ဖြစ်တယ်။
ပြောမယ့်သာ ပြောရတာ..
ဒီ တိရစ္ဆာန်တွေနဲ့ ခရီးထွက်ရတာ လွယ်တာမှတ်လို့။
အသံမျိုးစုံနဲ့ ပွက်ပွက်ညံနေပြီး နေ့ရောညပါ ကောင်းကောင်း မအိပ်ရဘူး။
ဒီသင်္ဘောပေါ်ကနေ ထွက်ပုန်းရအောင်လဲ ပင်လယ်ပြင်က လွဲပြီး တစ်ခြားမရှိ။
စိတ်ဓာတ်ကို ကျရော…။
ဒီကြားထဲ သမီး သား ပါ မကျန် ဇနီးမယားကလည်း ဗျစ်တောက်ဗျစ်တောက်နဲ့ …။
အလိုကို မကျနိုင်တော့ဘူး။
ရုပ်ရှင်မင်းသား မင်းမော်ကွန်းကား ကြည့်ချင်လိုက်တာ တို့ ……
ပဲရစ်(စ်) မျှော်စင်မရောက်ဖူး လိုက်လို့ ကုန်းမြေအသစ်ရောက်ရင်
ဆောက်ပေးရမယ် ဆိုတာ တို့ ……။
သားငယ်ကလည်း .. ဂိမ်းပညာမှာ ထိပ်သီးပညာရှင်ဖြစ်အောင် ဘုရားရှင်ကို ပြောပေးဦးဆိုတာ တို့ ….။
သမီးကလဲ တစ်မျိုး … မိုနာလီဇာအပြုံးလေးတပ်ပြီး ..ကိတ်ဝင်းစလတ် လို နှုတ်ခမ်းရှိအောင် လုပ်ပေးဆိုတာ တို့…. ။
(ဟင်း .. အလီဘာဘာရဲ့ နှုတ်ခမ်းမွှေးပါ တွဲတပ်ပေးလိုက်ပေးလိုက်မယ် )

စိတ်တွေက ရှုပ်လာပြီ။ ကုန်းမြေကလဲ မတွေ့နိုင်သေးဘူး။
နားတွေလဲ အူထွက်နေပြီ ကျမ်းစာထဲမှာတော့ ‘ ပြုံးရွှင်သော မျက်နှာထားရှိနေမည့် နောဧသည် အပေါင်းအပါများနှင့် ပျော်ရွှင်စွာ ရွက်လွှင့်လိမ့်မည် ’ တို့ ဘာတို့ များပါလားတော့မသိ။ ဒီမှာတော့
မခံနိုင်တော့ဘူး။ ပင်လယ်ထဲ ခုန်ချလိုက်ရင် ကောင်းမလားတောင် တွေးမိသေးတယ်။
ဖြစ်တော့လည်း မဖြစ်သေးဘူးလေ။ ဒီအုပ်စုက ကုန်းမြေရှာတွေ့သွားပြီး နောက် ကမ္ဘာတည်ဖြစ်ရင်
သွားပြီ မှလား။ အဲ့ ကမ္ဘာပျက်ပြီလေ။
ဒါနဲ့ပဲ .. သင်္ဘောကြီးရဲ့ စက်ခန်းကို ၀င်…
ရေတွေ ၀င်လာအောင် ပတ်ပတ်လည်ကို လိုက်ဖြတ်ဆီး လိုက်တယ်။
သိပ်မကြာပါဘူး … သင်္ဘောကြီးဟာ တဖြည်းဖြည်း နဲ့ပင်လယ်ထဲကို မြုပ်ဝင်သွားတယ်။
စိတ်တော့ မကောင်းပါဘူး။
နောက်တစ်ခေါက် လူသားတွေ ပြန်ရှင်လာမယ့် အခါ ကမ္ဘာမြေဟာ ကုန်းမြေမရှိဖြစ်နေလိမ့်မယ်။
…..
အဲ .. တစ်ခုရှိတာက ပျံတတ်တဲ့ ငှက် တွေနဲ့
ရေကူးတတ်တဲ့ ငါး တွေကတော့  ရှင် ကျန်ခဲ့ လိမ့်မယ်။
သူတို့ကတော့ ကုန်းမြေအသစ်ကို ရှာတွေ့နိုင်ကောင်းပါရဲ့…။
ကမ္ဘာဦး အစ ဟာ .. ငါး နဲ့ ငှက် က ‘စ’ ဖြစ်သွားတာကိုတော့ ခွင့်လွှတ်ပါ။
ဘုရားသခင်က သနားသော အားဖြင့် ကြည့် စီစဉ်ပါလိမ့်မယ်။

မိုးကောင်းကင်ကို လက်ကလေး မြှောက်ပြီး
ဦးမော့ ထားချိန်မှာ…
တောင်းမယ့် ‘ဆု’ ကို မေ့သွားတာမျိုး ကြုံဖူးလား…။
ရောက်မလာတဲ့ တောင်းဆုကိုတော့
ဘုရားသခင်က ပေးသနားမယ် မထင်ဘူး…။