ဆို ဆုံးမ လို့ မရတဲ့ ဂျစ်ပစီအနုပညာပါ
ကိုယ့်ကို ကိုယ် ထုဆစ်
ထစ် ခွင်းထားတဲ့ ကာရံလဲ ဖြစ်တယ်…။
တစ်ခါတစ်ခါ တော့လည်း ငါဟာ မိုးရေစက်ကလေး ဖြစ်တယ်။
တိမ်တွေ က ဖြန့်ထုတ်လိုက်တဲ့အခါ ကောင်းကင်ပြင်မှာ လွင့်ဝဲ လို့…..
လေနှင်ရာကို ခရီး ထွင်ခဲ့ရတယ်။
တဖြည်းဖြည်းနဲ့ အတော်လေးမြင့်တဲ့ သစ်ပင်ကြီး တစ်ပင်ဆီကို ငါ ရောက်သွားဖို့ ဖြစ်လာတယ်။
အဲ့ဒီမှာ စိမ်းစိုနေတဲ့ သစ်ရွက်လေး တစ်ရွက်ပေါ် ငါ သွားကျတယ်။
ငါ့ရဲ့ အလေးချိန် ကြောင့် အဲ့ သစ်ရွက်လေးပေါ်ကနေ တဖြည်းဖြည်း လျောကျ….
ထိပ်စွန်းလေးမှာ သီး ခို နေခဲ့တယ်။
ငါ ပျော် လိုက် တာ….။
ဟီးလေးခိုရင်း နဲ့ နောက်ဆုံး တစ်ချက်မှာ .. ငါ ပြုတ်ကျသွားတယ်။
ငါ့ ကိုယ်ငါ ဆန့်ပြီး လေလွင့်ရာမှာ မျက်စိမှိတ် နေလိုက်တယ်။
မြေပြင်နားရောက်ခါနီး ပြီလေ…။
ရင်တွေ ခုန်နေမိသေးတယ်။
အဲ့ဒီမှာ အရှိန် ပြင်းပြင်းမောင်းလာတဲ့ ကားတစ်စီးကို ဖြတ်ခနဲ ငါ ကြည့်မိလိုက်တယ်။
တစ်ချိန်တည်း လေပြင်းတစ်ချက်ကလည်း ငါ့ကို ဆွဲခေါ်သွားတယ်။
ရုန်းဆန် ထွက်ပြေး မရနိုင်အောင် လေ က ချည်နှောင် ပြီး သား …. ။
ခဏလေးပဲ…
လျှပ်တပြက် ငါ တွေ့လိုက်တာက … ကားရဲ့ နောက်ကြည့်မှန်..။
….
ဖျောင်း ..
………………………………
………………………………
သွားပြီ .. ငါ့ခန္ဓာကိုယ်ဟာ အစိတ်စိတ် အမွှာမွှာ လွင့် ဖျာ သွားခဲ့ပြီ။
စုစည်းမှု အားနည်းလွန်းတဲ့အခါ
ခပ်ပြင်းပြင်း နေရောင်က ဖြို … ခွဲ…..
မိုးစက် တစ်ပွင့်ရဲ့ ဘ၀ ဟာ
ပြို … ကွဲ … ဖို့ ဖြစ်လာသလား..။
ဝေလီဝေလင်းမှာ တက်ခဲ့တဲ့ တောင်
အခု မှောင် တော့မယ်။
ဟောဟိုက မိုးကုပ်စက်ဝိုင်းရေ…
မင်းချစ်တယ်ဆိုတဲ့ သီအိုရီဟာ
မြေကြီးလို အယူအဆလား…
ကောင်းကင်လို အယူအဆလား…
ငါ့ကို ပြောပြစမ်းပါ…။
တစ်ခါတစ်ခါကျတော့လည်း ကျနော် က နောဧ ဖြစ်နေတယ်။
လူသားတွေ အပြစ်သိပ်လုပ်ကြလွန်းလို့ ဘုရားသခင်က ကမ္ဘာကိုရေနဲ့ဆေးတဲ့ အခါ
ကျနော်ဟာ… မိသားစုရယ် .. တိရစ္ဆာန်တစ်စုံစာစီရယ် ကို
ဆောက်လုပ်ထားတဲ့ သင်္ဘောကြီးတစ်စင်းနဲ့ တင် ခေါ်ပြီး ပင်လယ်ကို ရွက်လွှင့်ခဲ့တယ်။
ဘုရားသခင် အလိုအရ.. ကျနော်ဟာ ဒီပင်လယ်မှာ ခရီးနှင်ရင်း ပထမဆုံးတွေ့တဲ့ ကျွန်းမှာ
နောင်တစ်ခေတ်အတွက် ကမ္ဘာကို တည်ရမှာ ဖြစ်တယ်။
ပြောမယ့်သာ ပြောရတာ..
ဒီ တိရစ္ဆာန်တွေနဲ့ ခရီးထွက်ရတာ လွယ်တာမှတ်လို့။
အသံမျိုးစုံနဲ့ ပွက်ပွက်ညံနေပြီး နေ့ရောညပါ ကောင်းကောင်း မအိပ်ရဘူး။
ဒီသင်္ဘောပေါ်ကနေ ထွက်ပုန်းရအောင်လဲ ပင်လယ်ပြင်က လွဲပြီး တစ်ခြားမရှိ။
စိတ်ဓာတ်ကို ကျရော…။
ဒီကြားထဲ သမီး သား ပါ မကျန် ဇနီးမယားကလည်း ဗျစ်တောက်ဗျစ်တောက်နဲ့ …။
အလိုကို မကျနိုင်တော့ဘူး။
ရုပ်ရှင်မင်းသား မင်းမော်ကွန်းကား ကြည့်ချင်လိုက်တာ တို့ ……
ပဲရစ်(စ်) မျှော်စင်မရောက်ဖူး လိုက်လို့ ကုန်းမြေအသစ်ရောက်ရင်
ဆောက်ပေးရမယ် ဆိုတာ တို့ ……။
သားငယ်ကလည်း .. ဂိမ်းပညာမှာ ထိပ်သီးပညာရှင်ဖြစ်အောင် ဘုရားရှင်ကို ပြောပေးဦးဆိုတာ တို့ ….။
သမီးကလဲ တစ်မျိုး … မိုနာလီဇာအပြုံးလေးတပ်ပြီး ..ကိတ်ဝင်းစလတ် လို နှုတ်ခမ်းရှိအောင် လုပ်ပေးဆိုတာ တို့…. ။
(ဟင်း .. အလီဘာဘာရဲ့ နှုတ်ခမ်းမွှေးပါ တွဲတပ်ပေးလိုက်ပေးလိုက်မယ် )
…
စိတ်တွေက ရှုပ်လာပြီ။ ကုန်းမြေကလဲ မတွေ့နိုင်သေးဘူး။
နားတွေလဲ အူထွက်နေပြီ ကျမ်းစာထဲမှာတော့ ‘ ပြုံးရွှင်သော မျက်နှာထားရှိနေမည့် နောဧသည် အပေါင်းအပါများနှင့် ပျော်ရွှင်စွာ ရွက်လွှင့်လိမ့်မည် ’ တို့ ဘာတို့ များပါလားတော့မသိ။ ဒီမှာတော့
မခံနိုင်တော့ဘူး။ ပင်လယ်ထဲ ခုန်ချလိုက်ရင် ကောင်းမလားတောင် တွေးမိသေးတယ်။
ဖြစ်တော့လည်း မဖြစ်သေးဘူးလေ။ ဒီအုပ်စုက ကုန်းမြေရှာတွေ့သွားပြီး နောက် ကမ္ဘာတည်ဖြစ်ရင်
သွားပြီ မှလား။ အဲ့ ကမ္ဘာပျက်ပြီလေ။
ဒါနဲ့ပဲ .. သင်္ဘောကြီးရဲ့ စက်ခန်းကို ၀င်…
ရေတွေ ၀င်လာအောင် ပတ်ပတ်လည်ကို လိုက်ဖြတ်ဆီး လိုက်တယ်။
သိပ်မကြာပါဘူး … သင်္ဘောကြီးဟာ တဖြည်းဖြည်း နဲ့ပင်လယ်ထဲကို မြုပ်ဝင်သွားတယ်။
စိတ်တော့ မကောင်းပါဘူး။
နောက်တစ်ခေါက် လူသားတွေ ပြန်ရှင်လာမယ့် အခါ ကမ္ဘာမြေဟာ ကုန်းမြေမရှိဖြစ်နေလိမ့်မယ်။
…..
အဲ .. တစ်ခုရှိတာက ပျံတတ်တဲ့ ငှက် တွေနဲ့
ရေကူးတတ်တဲ့ ငါး တွေကတော့  ရှင် ကျန်ခဲ့ လိမ့်မယ်။
သူတို့ကတော့ ကုန်းမြေအသစ်ကို ရှာတွေ့နိုင်ကောင်းပါရဲ့…။
ကမ္ဘာဦး အစ ဟာ .. ငါး နဲ့ ငှက် က ‘စ’ ဖြစ်သွားတာကိုတော့ ခွင့်လွှတ်ပါ။
ဘုရားသခင်က သနားသော အားဖြင့် ကြည့် စီစဉ်ပါလိမ့်မယ်။
မိုးကောင်းကင်ကို လက်ကလေး မြှောက်ပြီး
ဦးမော့ ထားချိန်မှာ…
တောင်းမယ့် ‘ဆု’ ကို မေ့သွားတာမျိုး ကြုံဖူးလား…။
ရောက်မလာတဲ့ တောင်းဆုကိုတော့
ဘုရားသခင်က ပေးသနားမယ် မထင်ဘူး…။
Showing posts with label အက်ဆေး. Show all posts
Showing posts with label အက်ဆေး. Show all posts
Dec 6, 2007
Nov 12, 2007
ကျနော်တို့ ကျောင်း
နွေဦးကိုရောက်တော့ ဘုရားသခင်က ကဗျာတစ်ပုဒ်ရေးတယ်။ သစ်ရွက်ကလေး ကြွေလာသလို ဘုရားသခင် လက်က လွတ်ကျသွားတဲ့ အဲ့ကဗျာလေးဟာ ကမ္ဘာမြေမှာ ပန်းရောင်စုံ ပွင့်တဲ့ တိုင်းပြည် လာဖြစ်ရဲ့..။ အဲ့ဒီ တိုင်းပြည်မှာ ခေတ်ကိုပန်ထားတဲ့ ကမ္ဘာမြေရဲ့ ပန်းတွေ ပွင့်ကြတယ်။ ဒါကြောင့် လေပြည်တစ်ဝှေ့က အစ မွှေးမြ ဖြူစင်လွန်းအားကြီး နေတာပေါ့။
နတ်တို့ရွာက အလင်းနဲ့ အုပ်မိုးလို့ ထား .. အဲ့ဒီတိုင်းပြည်ကို ‘ကျောင်းတော်’ လို့ ခေါ်တယ်။
စံပယ်တွေ ခြံရံပြီး နက္ခတ်တွေ လှလှပပ ပွင့်တဲ့ နေ့ပေါ့… အဲ့ဒီနေ့မှာ ကျောင်းတော်ကို စဖွင့်တယ်။
ပန်းတွေ ပန်းတွေ…. အထွေးလိုက် အဆုပ်လိုက် ပွင့်ဝေ…
ကမ္ဘာဦးရဲ့ သက်တန့်ရောင် ဟာ အဖြူနဲ့ အစိမ်းက စတယ်။ မယုံတဲ့ လူ လဲသေလိုက်။
ဒို ရေ မီ ဖါ ဆို လာ တီ ဒို … ပန်းပွင့်တွေရဲ့ ရစ်သမ်ဟာ သရဏဂုံ သုံးပါးဖြစ်တယ်။ ကမ္ဘာမကြေ မြန်မာပြေ ဖြစ်တယ်။ မင်္ဂလာပါ ဆရာမ ဖြစ်တယ်။ ရှိပါတယ်ခင်ဗျ ဖြစ်တယ်။ စာအံသံတွေ နဲ့ ….. အဲ့ဒီတိုင်းပြည်ကို ‘ကျောင်းတော်’ လို့ ခေါ်တယ်။
သောက်ရေအိုးစင်၊ မုန့်ဟင်းခါးနဲ့ အမျှဝေသံ ပေါတဲ့ အဲ့ဒီတိုင်းပြည်မှာ မိခင်ဆန်ဆန် အပြုံးတွေရှိတယ်။ မိုးရာသီနဲ့ အောင်စာရင်းရှိတယ်။ စာသင်ခုံတွေ ရှိတယ်။ ပိတောက်ပင် ရှိတယ်။ မုန့်ဈေးတန်း ရှိတယ်။ ဘုရားစင် ရှိတယ်။ ခေါင်းလောင်းသံ ရှိတယ်။ သဲမြေပြင်ကို ရေဖျန်းထားတဲ့ ရနံ့တွေ ရှိတယ်။ စာကြည့်တိုက် ရှိတယ်။ မာလကာသီး ရှိတယ်။ လွယ်အိတ်တွေ ရှိတယ်။ ဘုရင့်နောင် အသင်း ရှိတယ်။ ညှပ်ဖိနပ်သံတွေ ရှိတယ်။ ကမ္ဘာကစောင့်နေတဲ့ မျက်ဝန်းတွေ ရှိတယ်။ သုညတွေ ရှိတယ်။ ကျောက်သင်ပုန်းကို မြေဖြူက လာထောက်တဲ့ အသံတွေ ရှိတယ်။ စိန်ပြေးလိုက်တမ်း ရှိတယ်။ စာအုပ်နဲ့ ခဲတံ ကိုင်ထားတဲ့ သူရဲကောင်းတွေရဲ့ တိုင်းပြည်……….
အဲ့ဒီတိုင်းပြည်ကို ‘ကျောင်းတော်’ လို့ ခေါ်တယ်။
ပြီးတော့ .. ပန်းပွင့်တွေ…
သူတို့ကိုယ်သူတို့ ဆွဲပွင့်တတ်ဖို့ အဲ့ဒီတို်င်းပြည်မှာ သင်ခန်းစာ အပြည့်ရှိတယ်။
ဂြိုလ်ကိုးလုံးအကြောင်း၊ လျှပ်စစ်မီးသီး အကြောင်း၊ ဗိုလ်ချုပ်အောင်ဆန်း အကြောင်း၊ ကိန်းဂဏန်းများ အကြောင်း၊ အောက်ဆီဂျင်နဲ့ ရေ အကြောင်း သင်တယ်။ နောက်ပြီး အမြဲစိမ်းတော အကြောင်း၊ မူဆိုလိုနီ အကြောင်း၊ အရှင်မဟာ ရဋ္ဌသာရ ၏ ကဗျာများ၊ ဦပုည၏ ပြဇာတ်၊ မပုကြွယ်နှင့် ခရုငယ်၊ မျက်မမြင် ကောင်လေး အကြောင်း၊ ဖားအကြောင်း၊ ဒုတိယကမ္ဘာစစ်အကြောင်း၊ အေသင်မြို့မှ အပြေးသမား အကြောင်း၊ ဘုရင့်နောင် အကြောင်း… ။ …………။ စုံလို့ ပါပဲ။ ဘ၀အကြောင်း သင်ရိုး တွေနဲ့
အဲ့ဒီတိုင်းပြည်ကို ‘ကျောင်းတော်’ လို့ ခေါ်တယ်။
‘ကျောင်းတော်’ ဟာ သူသိပ်ချစ်တဲ့ ပန်းပွင့်တွေကို ရင်နဲ့ အမျှထွေးပွေ့ ခဏခဏ ငုံ့နမ်းလေ့ရှိတယ်။ ဒါပေမယ့် ဘယ်ပန်းတစ်ပွင့်ကို မှ သူ့လက်နဲ့ ဖမ်းဆုပ် မထားခဲ့ဘူးလေ။
ဒီလိုနဲ့ နှင်းစက်တွေ တစ်ဖွဲဖွဲ ရွာကျ .. ခိုက်နေအောင် ချမ်းလာတဲ့ အခါ ..
သူ့ကိုယ်ပေါ်က နှင်းစက်တွေကို ‘ကျောင်းတော်’ က ခါချလိုက်တယ်။
အဲ့ဒီအချိန်ဟာ ကျောင်းပိတ်ချိန် ဖြစ်တယ်။

Nov 8, 2007
သုရာ (ခေါ်) အရက်
ဝါဒိက္ခရာ (ခေါ်) ၀ီစကီ နှင့် ဇာဏိယာ (ခေါ်) ရမ် တို့ကို အလွန့်အကြွံ သောက်သုံးပါက အရက်နာကျသော ဒဏ်ကို ခံစားရမည် ဖြစ်သည်။ သို့သော် သုရာမေရယကံ (ခေါ်) အရက် သေစာ မူးယစ်သောက်စား ကျူးလွန်သောကံကို ဖောက်ပြန်နေကျဖြစ်သော မဇ္ဇပ (ခေါ်) အရက်သမားများက ထိုအရက်နာကျသော ဒဏ်ကို မမှုတော့ပေ။ အရက်သောက်သော သူများထဲတွင် ပုဏ္ဏသိရောမတ္တက (ခေါ်) ထိပ်ပြောင်၍ ဥဂ္ဂနာသိက (ခေါ်) နှာခေါင်းကြီးသော ၀ုဒ္ဓါဝိဟာဝိတ (ခေါ်) လူပျိုကြီးများလဲ ပါဝင်သည်။ ၎င်းတို့သည် ဗာလဘာဝတောဒါသ (ခေါ်) ငယ်ချစ် ကြောင့် ပေမဿု (ခေါ်) မျက်ရည်များ ကျကာ အသည်းကွဲဒဏ်ကို မခံနိုင်သဖြင့် သုရာ (ခေါ်) အရက်သေစာ ကို သောက်လေ့ရှိသည် ဟုဆို၏။ သို့သော် မေ့ကား မမေ့နိုင်ချေ။ မက္ခိတာ (ခေါ်) ယင်ကောင်သည် ဂုတ္တဓရ (ခေါ်) စုံထောက်တို့၏ ကိုင်စွဲနေကျ ဖြစ်သော ပရိက္ကာမ (ခေါ်) ခြောက်လုံးပြူး ဖြင့် ပစ်လျှင် ပင် မထိ။ ထိုခြောက်လုံးပြူးသည် အရက်မသောက်။ ယင်ကောင်သည်လည်း မူးယစ် မနေ။ အန္နပါနေသု (ခေါ်) ထမင်းအဖျော်ကောင်း စားသောက်သော အခါ၌ ပိယံ (ခေါ်) ချစ်သောသူကို ဣစ္ဆန္တိ (ခေါ်) အလိုရှိကြကုန်၏။ မူးယစ် နေချိန်တွင် ပြောသည့် လွမ်းတယ် ဟူသော စကားနှင့် ဘာကွာသနည်း။ ထိုခဏ၌ ကာမိနီ (ခေါ်) ချစ်ဖွယ်ကောင်းသော မိန်းကလေး ကို သတိတရ အလိုရှိနေပြီလား။ လောက၌ ဥာဏ်နှင့်ယှဉ်၍ လွမ်းဆွေးခြင်းသည် အဆိုးဆုံးဖြစ်သည်။ မူးယစ်နေချိန်၌ ဆင်ခြင် ဥာဏ် နည်းပါး၏။ ထို့ကြောင့် အရက်တစ်ခွက်သည် အနည်းဆုံး လွမ်းသည့်ဒဏ်ကိုတော့ အဆိုးဆုံး မဖြစ်စေနိုင်ပေ။ ဘာပဲဖြစ်ဖြစ် ဘာမှမဖြစ်နဲ့ဟု ရှေးလူကြီးများက ဆုံးမဖူးသည်။ ထို့ကြောင့် ဘာမှ မဖြစ်။ ဘာမှ မရှိ။ ထိုအခါ ကမ္ဘာကြီးသည် တစ်ကောင်တည်း ကြောင်တောင်တောင်ဖြစ်သွား၏။ ဘာလုပ်ရမှန်း မသိဖြစ်နေသော ကမ္ဘာကြီးကို ဘယ်သူက အရက်သွားတိုက်လိုက်သည်မသိ။ လူမှန်းသူမှန်း မသိ မူးနေတာ ခုချိန်ထိပင်။ ဆက်၍ဆက်၍ သူ့အပေါင်းအဖော်များ ဖြစ်သော ဂြိုလ်ကိုးလုံး၊ ကြယ်များ၊ လများ ကလည်း အားကျပြီး သုရာ (ခေါ်) အရက်ကို လိုက်သောက်ကုန်ကြ၏။ အားလုံးမူးကုန်ကာ ချာချာလည် သွားကြသည်။ ဘာမှန်းညာမှန်းမသိသော လူများက ရူပဗေဒ ပညာရှင် ဟု သူတို့ကိုယ်သူတို့ နာမ်စားသုံးကာ ထိုအခြင်းအရာများ လည်နေရခြင်း အကြောင်းကို စုံစမ်း ဖော်ထုတ်ကြကုန်၏။ ရှာမတွေ့ သောအခါ စိတ်ညစ်ညစ် နှင့် သုရာ (ခေါ်) အရက် ကို သောက်ကြပြန်လေသည်။ ထိုမှတဆင့် သောက်စား မူးယစ်ခဲ့ကြရာ ကမ္ဘာမြေကြီး ၏ အဆင်တန်ဆာ ဖြစ်သော လူသားအားလုံးတို့သည် သုရာ (ခေါ်) အရက်ကို ကြိုက်မှန်းမသိ ကြိုက်လာကြတော့သည်။ တစ်ချို့ အရက်သမား များသည် အရက်သောက်ပြီး ပါဏာတိပါတာကံ (ခေါ်) သူတပါးအသက် သတ်ခြင်း ကံကို ကျူးလွန်ကြ၏။ တစ်ချို့ကလည်း ကာမေသုကံ (ခေါ်) သူတပါး သားမယား အားပြစ်မှား ခြင်းကံကို ကျူးလွန်ကြ၏။ တစ်ချို့ကလည်း အကုန်လုံး ကျူးလွန်ကြ၏။ ကြာသပတေးနေ့ဖွားဖြစ်သော ကဿပ ဘုရားရှင် လက်ထက်တော်၌ ဗျာဒိတ်တော်ရခဲ့ သော .သောကြာနေ့ဖွား ဂေါတမ ဘုရားရှင်သည် ဘုရားအဖြစ်သို့ မရောက်ရှိခင် ကာလ သုရာ (ခေါ်) အရက် ကို လယ်လုပ်သား ဘ၀၌ သောက်စားခဲ့ဖူးသော်လည်း မုသာဝါဒ ကံ (ခေါ်) လိမ်ညာ ပြောဆို ခြင်းကံကို တစ်ခါမျှပင် ကျူးလွန်ခဲ့ခြင်းမရှိဟု တရားစာအုပ်များ၌ တွေ့ရသည်။ သေချာတာက တော့ ကဗျာဆရာများ အရက်သောက်လျှင် အရက်သမားဟု မခေါ်။ ယမကာ လုလင်ဟုသာ ခေါ်သည်။ ဤသည်မှာ အမ္မတသာဂရဘေသဇ္ဇ ကျမ်းကြီးအလို အရသာ ဖြစ်တော့သည်။
Nov 5, 2007
ည
ည၌ မှောင်၏။
ည၌ တစ်ခါတစ်ခါ မိုးရွာ၏။
ထို့ကြောင့် ည၌ မိုးရွာ လျှင် မှောင်၏။
ရစ်မူး နေတဲ့ ည.. က လွမ်းလို့တဲ့..
မိုးစက်ပေါက်တွေ တစ်ဖောင်းဖောင်း ကျ အောင် ..ငိုတယ်။ သူခံစားနေရတာကို လမင်း တစ်လှည့် ကြယ်စင် တစ်လှည့်နဲ့ ကောင်းကင်မှာ စာလုံးပေါင်းပြတယ်။
ပြီးတော့.. အော်ကြီးဟစ်ကျယ်နဲ့ ကဗျာ တွေရွတ်..
ဘယ်ညာ ယိမ်းထိုးကာနဲ့.. သူ့ကိုယ်သူ ဒရွတ်တိုက် ဆွဲခေါ်နေတယ်။
“ငါ့ရင် ငါ့နှလုံးသားနဲ့ လွယ်ပြီး မွေးထုတ်လိုက်တဲ့ အလင်းကွ.. မင်းက လုယူ သွားတာ… .. …” ဘာ ညာ နဲ့….. …… အင်းလေ … သူတစ်ကယ် စိတ်ဆင်းရဲ နေတာကိုး..။
ဖရိုဖရဲ ပျံ့ကြဲနေတဲ့ သဲမှုန်တွေနဲ့ အဘယ် ပင်လယ်ပြင် ကို သွားပြီး ပစ်ပေါက်မလဲ..။
“အလင်း ရယ် ……. ပြန်လာပါ”
သားပျောက် ရှာနေတဲ့ အမေ တစ်ယောက် ရဲ့ ‘သားရေ….’ လို့ ခေါ်သံ လိုမျိုးပေါ့..။
အကြည့်တွေက အစ ရှိုက်သံ စွက်နေ လေရဲ့.။
ကြာတော့လည်း နွမ်းချိလာတယ်။ တုန်ရီနေတဲ့ နှုတ်ခမ်းတွေက တော့ “အလင်း ရေ”လို့ ရေရွတ် နေ တုန်းပဲ။
သိပ်ထက်ပါတယ် ဆိုတဲ့ ဓါးတစ်လက် ကတောင် သူ့ဓါးအိမ် ကို သူ ပြန် မခုတ် ဘူးလေ…။
ဒါပေမယ့်.. အလင်း က တော့ အဲ့လို မဟုတ်ခဲ့ဘူး။
……. ……. …….. ……..့
ဒီလိုနဲ့.. အချိန်တွေ ဟောင်း .နေ့တွေ ပြောင်း.
ည .ဆိုတဲ့ကောင် ကတော့ .. ခုထိ မှောင် တုန်း ပေါ့။
အိပ်မက်တွေကို ပုတ်ပြီး သိပ်နေမိတယ်
မိုးကလေး ရေ.. တိတ်ပါကွယ်
ငါက လွမ်းလို့
ခေါ်မိတဲ့ အော်သံ…
ခပ် စိပ်စိပ်လေး ကြား တယ်..။

Subscribe to:
Posts (Atom)