Dec 24, 2007

နှင်းတဝက် အလင်းတဝက်နဲ့ကောင်လေး

ခရေပင်ကြီးက သူ့ကိုင်းဖျားမှာပွင့်နေတဲ့ ခရေပွင့်လေးတွေကို မိခင်ဘာသာစကားနဲ့ ပုံပြောသိပ်နေတယ်။ ပါးပြင်ပေါ်က နှင်းစက်လေးတွေကို တို့ထိဆော့ကစားရင်း ဘဝကို ငုံ့ကြည့်မိတဲ့အခါ မြူခိုးတွေ ဝေနေတာတွေ့တယ်။ မျက်ဝန်းတွေ ကွဲကြေခဲ့တာ ဆောင်းဘယ်နှချီကြာခဲ့ပြီလဲ။ ဘာပဲပြောပြော ဘဝမှာနေပျော်ပါတယ် မေမေ။
ရွှေရောင်တွေ ဝင်းလက်တောက်ပနေတာ မဟုတ်ပေမယ့် သနပ်ခါးရေကြဲနဲ့ ပန်းပွင့်လေးတွေကို ကျနော်ချစ်တယ်။ နေ့များစွာ နှစ်များစွာမှာ ခရေတွေကောက်ရင်း ကျနော့်လမ်းကိုကျနော်ဖောက်ခဲ့တယ်။
ဓါးတွေဒိုင်းတွေမပါတာကလွဲရင် နှင်းတွေရဲ့ရာဇဝင်မှာ ကျနော်ဟာ သူရဲကောင်းပေါ့။

ခြောက်ခြောက်သွေ့သွေ့နဲ့
ငါ့ရင်ထဲက ဆောင်းရာသီဟာ
အ . နေတဲ့ ပန်းတစ်ပွင့်ဖြစ်တယ်။

ကျနော်ဟာ ဆောင်းရာသီအကြောင်းကို ဒဏ္ဍာရီတစ်ပုဒ်လို ဖတ်လိုက်ရတဲ့ အချိန်ကစပြီး နှင်းတွေကို
ချစ်သွားခဲ့တဲ့ကောင်ပါ။ ငရဲကလာတဲ့မီးတောက်သံစဉ်တွေနဲ့ ဘဝမှာကခုန်ခဲ့ရပေမယ့် ကျနော်ဟာ နှင်းတွေရဲ့ ကြွေသံတဖျောက်ဖျောက်ကိုပဲ သီချင်းလုပ်နားထောင်ခဲ့တယ်။ နှင်းတွေ ယိမ်းနွဲ့ဝေကျနေတာကို ကြည့်ပြီး ကျနော် ပျော်နေတတ်တယ်။ ဖြစ်နိုင်ရင် ကျနော့်ရဲ့ ခပ်စုတ်စုတ်
တိုင်းပြည်မှာ သုံးရာသီလုံး နှင်းတွေပဲ ဝေနေစေ့ချင်တယ်။ တစ်ခါတစ်ခါတော့လည်း ပစ်စက်လက်ခက် လွင့်ဝဲကျလာတဲ့ နှင်းမှုံတွေကို လက်ခုပ်လေးနဲ့ ဆုပ်ပြီး နမ်းရှိုက်နေမိတယ်။ စိတ်ကူးယဉ်အတွေးတွေနဲ့
ကျနော့် ကျောင်းသားဘဝဟာ နှင်းတွေနဲ့မူး…… တကယ်တော့ ကျနော်ဟာ မီးခတ်ပေါင်းများစွာရဲ့ တောက်လောင်ပူပြင်းမှုကို တင်းခံပြီး နှင်း ကို ချစ်နေတဲ့ ကောလိပ်ကျောင်းသားလေးပါ။
ပြောရရင် … နှင်းငွေ့နှင်းသက်သင်းတဲ့ လေပြေကိုမှ ရှူရှိုက်ချင်တဲ့ ကောင်ပေါ့။
ကျနော် လူမိုက်လား မေမေ။ ဘဝမှာ အဲ့ဒီနှင်းတွေကိုမှ ဖြေမရ ဖျောက်မရ ရူးသွပ်လှပစွာ ချစ်ခဲ့ရတယ်။
ဖြစ်နိုင်ရင် နှင်းစက်တွေနဲ့သာ ကျနော့်ကို မြေမြှပ်လိုက်ကြပါတော့။

ဘုရားရေ… …
ဆောင်းရာသီရဲ့ မှော်အတတ်ဟာ
နှင်းတွေနဲ့ ပြုစား
ငါ့ တိုင်းပြည်ကို ဖျားစေခဲ့သလား…။

အသက်အရွယ်ကြီးလာတာနဲ့ အမျှ လူတွေရဲ့ မျက်နှာပုံဟန်ဟာ ဘာဖြစ်လို့ ငယ်ငယ်ကလောက် မနူးညံ့နေတော့တာလဲ လို့ မေမေ့ကို ကျနော် မေးဖူးပါတယ်။ ပိုပြီးပူပင်စရာတွေ များလာလို့လား၊ ဒေါသပိုထွက်လာကြလို့လား၊ မျက်နှာအရေပြားဆဲလ်တွေ ရင့်ရော်လာလို့လား၊ အလုပ်တွေ ပိုလုပ်ရလို့လား၊ လူမှုရေးအရ ပြုံးပြ . ရီပြရတာ များလွန်းလို့လား၊ ငယ်ငယ်ကထက် တိုက်ရခိုက်ရ တာတွေ ပိုများလာလို့လား၊ လောဘတွေ များလာလို့လား၊ ဒါမှမဟုတ် ပိုပြီး စိတ်ကူးယဉ်တတ်လာကြလို့လား……..။
ခပ်မာမာဖြစ်နေတဲ့ ကျနော့် မျက်နှာကိုမြင်ရင် မေမေ မှတ်မိပါဦးမလား ဟင်။
အိပ်မက်တွေ တပုံတပင်နဲ့ ကျနော့်ရဲ့ ကျောင်းသားဘဝမှာ သတ္တိမျိုးစုံ မွေးခဲ့ဖူးပါတယ်။ ဒါပေမယ့် ကြက်ခြေခတ်တွေ ရှုပ်ယှက်ခက်နေတဲ့ အရှုံးများစွာနဲ့လူငယ် ….
အကြည့်တွေကို မုန်းတယ်။
နှင်းတွေကလဲ တဟုန်းဟုန်းဝေပါတယ်။
ပန်းတွေကလဲ တဝုန်းဝုန်းကြွေပါတယ်။
အေးစက်တုန်ယင်နေတဲ့ ကျနော့် အလွမ်းတွေလဲ တဘုန်းဘုန်းလဲကျ သေ .. ပါ .. တယ်။

နက္ခတ်မှားပွင့်တဲ့ ကြယ်တစ်စင်းမှာ
မြှားတွေလာလာစိုက်
မေမေရေ …
ကျနော့်ကို ကယ် ပါ။

ကောင်းကင်ဟာ သူ့ရင်ခွင်ထဲမှာ ခွေခွေလေးအိပ်ပျော်နေတဲ့ လခြမ်းလေးကို ကြယ်သီချင်းနဲ့ ချော့သိပ်တယ် မေမေ။ ကိုယ့်ကိုကိုယ် သိုင်းဖက်ပြီးပဲ အိပ်စက်ဖို့ ဖြစ်လာတဲ့ အခါ ငရဲလိုညမျိုးလဲ
ကျနော် ပျော်အောင် အိပ်ခဲ့တယ်။ ဒါပေမယ့် ပန်းပွင့်တွေ ကခုန်ပျော်မြူးတဲ့ အကြောင်းကိုတော့ (အခွင့်ရှိလဲ) ယောင်လို့တောင် အိပ်မက် မမက်ခဲ့ဘူး။
ကျနော်က ဘယ်လိုကောင်လဲ မေမေ…။
ခြစ်ကုပ်ကြိုးစားခဲ့ရတဲ့ ကာလတွေမှာ သတိတရနဲ့ မေမေ့အကြောင်း ကဗျာတွေ ရေးခဲ့ဖူးပါရဲ့။
မုန်တိုင်းတွေကြားမှာ အလဲလဲ အပြိုပြို ၊ ကျနော်လေ သိတတ်စ အရွယ်ကတည်းက အမိ တခဲ့တဲ့ ကောင်ပေါ့။

ရသမြောက်အောင် ယိမ်းခါပြစမ်းပါ နှင်းတွေရယ်
မင်း ဖြန့်ကြဲထားတဲ့ ရနံ့တွေမှာ ငါပျော် ဝင်ချင်လို့…။

ဘယ်ဆီဘယ်ဝယ် မှာမှန်းမသိပေမယ့် ကျနော့်ကို စိတ်ချပါတော့ မေမေ။
ချစ်တဲ့ နှင်းတွေနဲ့အတူ ကျနော်နဲ့ ခရေပင်ကြီး ပျော်ပါတယ်။
…………………………။
လေပြင်းတွေ ရိုင်းရိုင်းပက်ကြဲရင်း ဆောင်းဟာ သူ့ရင်ခွင်ထဲက နှင်းတွေနဲ့ ကမ္ဘာကိုပုံဖော်နေတယ်။
ကျနော်ဟာ နှင်းကို ချစ်ခဲ့တယ်။
ထပ်ပြောလဲ ဒီစကားပဲ။
ကျနော်ဟာ နှင်းတစ်ပွင့်ထဲကိုပဲ ပန်ထားတဲ့ ဆောင်းရာသီဖြစ်တယ်။

အဖြူစင်ဆုံးပဲ လင်းပြချင်ပါတယ်ကွယ်
ဖြစ်နိုင်ရင် ငါ့ကို
ခပ်နက်နက် ဆေးမခြယ်ပါနဲ့။
ဘဝမှာ အမှောင်တွေကို သပ်ချဖို့
သီချင်းတပုဒ်တော့ ငါဆိုဦးမယ်။
အဲ့ဒါဟာ နှင်း အကြောင်း ဖြစ်ကောင်းဖြစ်မှာပါ။

6 comments:

မေပျို said...

နတ်ရေ နင် နှင်းတွေကို ချစ်တတ်မှန်း ငါသိပါတယ်။ ဟီးဟီး။

စာလေးက ကောင်းပါတယ်။ ဆက်ရေးနော်။

Winkabar said...

အဖွဲ့အနွဲ့လည်းလှတယ် အရေးအသားလည်းကောင်းတယ်။ တော်တယ်ကွာ။

နင်နေချင်တဲ့နှင်းတွေကြားမှာနေနိုင်ပြီး ပျော်ရွှင်နိုင်ပါစေနော်။

နှံကောင် said...

stronger ... ;)

အိ said...

အရေးအသားတွေကပြောရက်စရာမရှိအောင်လန်နေတာပဲ။
two tumbs up !

Emily said...

အရမ်းကောင်းတဲ့ အရေးအသားနဲ့ စွဲဆောင်မှုရှိတဲ့ အဖွဲ့အနွဲ့ပါပဲဗျာ။ လေးစားပါတယ်။

Anonymous said...

နတ်ကလေး ဘာလို့ဆက်မရေးတော့တာလဲ၊၊