Nov 14, 2007

မိုးရွာသောနေ့

မနေ့တစ်နေ့က အချစ်ဆုံးဟုပြောမိသော ကောင်မလေးသည် ဟိုးအရင်တုန်းက အချစ်ဆုံးဟု ထင်ခဲ့သော ကောင်မလေး မဟုတ်ကြောင်းကို အချစ်ဆုံးပါဟု ယခုအခါ ပြောမည့် ကောင်မလေးက နောင်အခါ၌ သူမသည် အချစ်ဆုံး ဟုတ်တော့မည်မှာ မသေချာကြောင်း သိရှိသွားသောအခါ ကျနော့် ပါးပြင် သည် ဖြောင်းခနဲ အသံမည်သွား၏။ ထိုနေ့သည် မိုးရွာသောနေ့ ဖြစ်သည်။ လွမ်းတတ် ဆွေးတတ် သူများသည် သစ်ရွက်ကလေး ကြွေသည်ကိုပင် ကြည့်ကာ မျက်ရည်ကျတတ်လေ့ ရှိသည်ဟု ပြောကြသော်လည်း လွမ်းဆွေးတတ်သော ကျနော့် အရှေ့၌ သစ်တော တစ်ခုလုံး ပြိုလဲသွားသည့် အခါ သစ်ရွက်တစ်ရွက် စာတိုင်းအတွက် အချိုးကျလိုက်၍ ငိုရမည်ကို စိုးထိပ်လျှက် မျက်ရည်များကို နှမြောသောကြောင့် ဒီအတိုင်းပင် ကျနော် လက်ပိုက်ကြည့်နေခဲ့သည်။ ပါးပြင်၌ အနည်းငယ် စိုစွတ် နေသည်မှာ မိုးရွာနေသောကြောင့် ဖြစ်သည်။

စာနာထောက်ထားတတ်လျှင် ဤနေရာ၌ ချို့တဲ့သူများအား သဒ္ဒါတရားနည်းများမဆို လှူဒါန်းကြပါရန် ဟူသော ဆိုင်းဘုတ်အရ ကျနော်သည် မေတ္တာချို့တဲ့သူ ဖြစ်ပြီး အချစ်ချိုချို များအား နည်းများမဆို ပေးသနားကြမည့် စာနာထောက်ထားတတ်သူများ မရှိဖြစ်နေရာ ထိုကဲ့သို့သော ဆိုင်းဘုတ်မျိုးကို မည်သည့် နေရာတွင် ချိတ်၍ မည်သို့မည်ပုံရေးကာ အချစ်တောင်းစားသူလုပ်ရလျှင် ကောင်းမည်လားဟု တွေးမိသော်လည်း သူငယ်ချင်းတစ်ချို့က လက်မခံ၊ ဘ၀ပေး အခြေအနေကလည်း ထင်သလောက် မဆိုးရွားသေးသဖြင့် တခြားပိုကောင်းသော အကြံအစီကို သုံးကာ အချစ်တခုကို ရအောင်ရှာမည်ဟု ဆုံးဖြတ်နေခိုက် ထိုကောင်မလေးကို တွေ့လိုက်ရခြင်းဖြစ်သည်။ ထိုနေ့သည် မိုးရွာသောနေ့ ဖြစ်သည်။
သူမရော ကျနော်ပါ မေ့လျော့နေသည်မှာ ဤတွေ့ဆုံခြင်းသည် နောင်အခါ လမ်းခွဲရဖို့အတွက် နိဒါန်းပျိုးခြင်း တစ်ခုသာ ဟူသော အချက်ပင်ဖြစ်သည်။ ပျက်ဖို့အတွက်ဖြစ်ရသည်။ ထပ်ဖြစ် ဖို့အတွက် ပျက်ပေးရသည်။ ကမ္ဘာစောင့်နတ်တွေရဲ့ ကျိန်စာပင်လား မသိ။

သူမကိုတွေ့တော့ မိုးရွာနေချိန်ဖြစ်ပြီး မိုးစက်ပေါက်များ လာစင်မည်ကို စိုးသဖြင့် အ၀ါရောင်ထီး တစ်ချောင်းနှင့် သူမကိုယ်သူမ မိုးကာ လူတစ်ယောက်မှ မရှိသော ကားဂိတ်တွင် သူမတစ်ယောက်တည်း ကျုံ့ကျုံ့ကလေးရပ်နေရရှာသော စိတ်ပျက်အားငယ်သည့် ခံစားချက်သည် သူမ မျက်နှာပေါ် နဂိုရှိနေရာမှ ကျနော့်ကို မြင်သော အခါ ခပ်တည်တည် အမူအရာသို့ ရုတ်ချည်းပြောင်းလဲသွားပြီး ကျောပေးရပ်လိုက်သည့် အခိုက်အတန့်လေး၌ သူမကို ကျနော်ချစ်သွားခဲ့သည်။
အချစ်ဆိုသည်မှာ စားကောင်းသော သစ်သီးပါလော။ ဓာတ်ကြီးလေးပါးနှင့် ဖွဲ့စည်းထားသော ထိုလူရုပ်ကောင်ကြီး၏ အချစ်ဆိုသော အရာသည် ဘယ်ဓာတ်ကပွင့်သော ခံစားမှုဖြစ်မည်နည်း။ မိုးရေအနည်းငယ်စိုနေသော သူမခြေဖျားလေးများမှ အချစ်ဆိုသောအရာသည် စတင်ခဲ့ပြီလား။ ဒါမှမဟုတ် အချစ်သည် ပုံပြင်ထဲမှ ရုပ်ဆိုးဆိုးစုန်းမတစ်ကောင်၏ ကျိန်စာတိုက်ထားသော ပန်းပွင့်၌ တည်လေ သလော။ ထိုစားမေးပွဲ၌ ကျနော်မဖြေနိုင်။ ထို့အတူ သူမမေးသော မေးခွန်းများကိုလည်း မဖြေနိုင်။ ကြက်ခြေခတ်များနှင့် အဖြေလွှာစာရွက်သည် စားကောင်းသော သစ်သီးမဟုတ်။

ထိုသို့ဖြင့် ခနော်ခနဲ့နိုင်သော သဘာဝတရား၏ တွေ့ဆုံမှုသည် သူမနှင့်ကျနော့်ကို ဝေးစေခဲ့သည်။ ထိုနေ့သည် မိုးရွာသောနေ့ ဖြစ်သည်။

No comments: