Nov 5, 2007

နွေဦးကျောင်းတော်

ခေတ်အဆက်ဆက်မှာ
မီးတောက်ပိုက်ခဲ့တဲ့ လူမိုက်ကလေးပေါ့...

ကျောက်ထက်အက္ခရာတွေ နားမလည်လို့
ကောလိပ်ကျောင်းသား ဗေဒနဲ့ပဲ
ချစ်တယ် လို့ရေးမယ်
နှင်း ..ရေ... ... .... ..
ငါ..စစ်ကြေညာပါရစေ။

'သိပ်ခက်တာပဲ
တေလေ လေး ရယ်' တဲ့
သူမခေါင်းလေး ခါရမ်း
ဒါပါပဲ... ..
ကျောင်းတော်ရဲ့ အုတ်ခုံတန်းမှာ
ဒူးပိုက် ရူးမိုက်မိတဲ့ ကောင်မို့
နွေဦးကျောင်းက ကံ့ကော်ရေ... ... .... ..
ငါ..ခူးပါရစေ။

သူငယ်ချင်း မဟုတ်တဲ့
သူ .. ငယ် .. ချင်း ကို လွမ်းမိတော့
ကွဲအက်သော လက်ချောင်းတွေနဲ့
ဘုရားရှင်ထံ ဆုတောင်း
ကျောင်းပုံပြင်တို့ မွှေးပျံ့စေသားကွယ်
ဖြစ်နိုင်ရင်
အိပ်မက်တို့ ပွင့်ရာမြေမှာ
ကျောင်းသူလေး လျှောက်ဖို့လမ်း
ကျောင်းသားလေး ဖောက် လို့ ပေး ပါရစေ။

ဟောဒီမှာ
ဧဒင် ကျောင်းက
ခေါင်းလောင်းသံ လားကွယ်
ကျောင်းတံခါး ကို တိတ်တိတ်လေး
ပိတ် ပြစ် လိုက် ပြန်ပြီ
မြင်နေကျ မြေနီ လမ်း လေးမှာ
စံပယ်တွေ လူခိုးခံရ ရော့ မယ်။

ဒီလိုနဲ့ နွေဦးရက်များစွာမှာ
ကောက်ပင်လေးက
သူ့ လယ်သူမ ကို မျှော်နေသလိုမျိုး
ကျောင်းသားလေးလဲ မျှော်ခဲ့ဖူးပါရဲ့
ဒါပေမယ့် ပင်လယ်ဆိုတာ
စက္ကူလှေ အတွက်တော့ ကျယ် လွန်းတယ်လေ...
အဲ့ဒီတော့ ခပ်ရင့်ရင့်ပဲ မေးမယ်
အမှောင် ခေတ် မှာရော
လမင်း ပွင့် ပေး လို့ ရမလား။

အလင်းမှေးမှေး နဲ့ပဲ
ရွက်တွေ လွှင့်ခဲ့ ရ
အလွတ် ကျက်ထားတဲ့
ခုံနံပါတ် လေး က
နက္ခတ်များ မှားပွင့် ခဲ့ လေ သလား
ကျောင်းတော်ကြီးရယ်
သစ်ရွက်တွေ ကို သာ ကုန်အောင် ခြွေပါ
ကျောင်းသားလေး ကိုတော့ ထား ခဲ့ ပါ။

ဒီလောက် လေးပါပဲ...
အသည်းကွဲ တယ် ဆို တာ
လွယ်အိတ်ကလေး ပိုက်
ခေါင်းလေး ငိုက်ချ ထားရုံနဲ့မှ မပြေနိုင်တာ
နောင်တခေတ် တခါ တော့
အိပ်မက်များ လင်းတောက် နိုင် ကောင်းပါရဲ့.... ..။

No comments: