Nov 23, 2007

လူ နှင့် ၀ိညာဉ်

‘အပ္ပမာဒေန သမ္ပာဒေထ’ ….. ဘယ်ကမှန်းမသိ အသံက ထွက်ပေါ်နေသည်။
ကောင်းသောအခြင်းအရာမှ လာခဲ့ပါစေ။

ဘယ်လိုဖြစ်လာသည်မသိ။ တလမ်းလုံး သူ့ကြောင့်ဆူညံနေသည်။ အိုးစုတ်ခွက်စုတ်များကို လှည်းပေါ်တွင် တင်တွန်းလာသော လူတစ်ဦး..။ လက်ကလည်း အငြိမ်မနေ။ တုတ်တစ်ချောင်းကိုင်ကာ ထို အိုးခွက်များကို တဖျောင်းဖျောင်းရိုက်နေသည်။ ထူးခြားသည်က ထိုလူ၏ မျက်နှာသည် ပြုံးနေပြီး ချိုသာလှသည်ဟု ထင်ရသည်။ ထိုလူ ဘယ်သူလဲ။ အဘယ်အရပ်က လာသလဲ။ ဘယ်လို အခြင်းအရာများ သယ်ဆောင်လာသလဲ။ မေးခွန်းများသည် လူကိုရူးသွပ်စေပါသည်။ ထို့အပြင် ၀ိညာာဉ်များကိုလဲ ရူးသွပ်စေနိုင်ပါသည်။

ဤနေရာသည် ၀ိညာဉ်အတော်များများ နေထိုင်သော ရပ်ကွက်တစ်ခုဖြစ်ပါသည်။ နံနက်ပိုင်း၌သာ လူအနည်းငယ် ဖြတ်သန်းသွားတတ်ပြီး ညနေစောင်းသည်နှင့် လူခြေတိတ်နေလေ့ရှိသည်။ ဤနေရာသည် သုဿန်တစပြင် ဖြစ်သည်။

သူ့လည်ပင်း၌ ပုတီးလုံးလေးများကို ချိတ်ဆွဲထားပြီး ပါးစပ်ကလည်း ဂါထာတပုဒ် ရွတ်နေသည်။ လက်ကတော့ တီးမြဲ ခေါက်မြဲ။ ခဏကြာတော့ နားငြီးမခံနိုင်တော့သော ၀ိညာဉ်တစ်ကောင် က ဆက်မတီးတော့ရန် လှမ်းအော်သည်။ တခြား ၀ိညာဉ် များကလဲ ၀ိုင်းထောက်ခံကြသည်။ ဟုတ်လဲ ဟုတ်သည်။ သူတို့ဘာသာ သူတို့ အေးအေးဆေးဆေး စကားစမြည်ပြောနေတာကို လာနှောက်ယှက်သည်ကိုး။ ထိုအခါ အဲ့ဒီလူက တီးနေတာကို ရပ်လိုက်ပြီး ၀ိညာဉ်များကို မျက်လုံးထောင့်ကပ် ကြည့်ကာ ဂရုမစိုက်လိုဟန်ပြုသည်။ ပြီးတော့ ခုနကလိုပင် တဖျောင်းဖျောင်းနှင့် ဆက်တီးနေလေသည်။ လက်သံကပြင်းလာပြီး ပို၍ ဆူညံလာသည်။ ၀ိညာဉ်များ သည်းမခံနိုင်တော့။ ဒီလူ ဘာလာလုပ်သလဲ..။ ၀ိညာဉ်တွေကိုများ မခိုးမခန့်။ လိပ်ပြာ နှုတ်လိုက်ရ.. ဘာညာနဲ့ အသံတွေ ထွက်လာကြသည်။ ၀ိညာဉ်တစ်ကောင်ကဆို လက်ဖမောင်းထခတ်ကာ ရိုက်မယ်တကဲကဲ ပြင်နေသေးသည်။ ကြာလျှင်မလွယ်တော့။

ထိုအချိန်ကျမှ သြဇာအာဏာရှိပုံပေါ်သော ၀ိညာဉ်အိုတစ်ကောင်က အားလုံးကို ငြိမ်ခိုင်းလိုက်ပြီး ထိုလူရှေ့မှာ သွားရပ်သည်။ နောက်.. မျက်ထောက်နီကြီးနှင့် စိုက်ကြည့်ကာ လာရာကို ပြန်ခိုင်းသည်။ မပြင်လျှင် တကယ် ဇီဝိန်ခြွေပစ်မည့်ပုံ။ ရုတ်တရက် ကိုင်ထားသော တုတ်ချောင်း ပြုတ်ကျသွားကာ ထိုလူ၏မျက်နှာသည် ချက်ချင်းပင် ကြောက်ရွံ့ထိပ်လန့်နေပုံသို့ ပြောင်းလဲသွားသည်။ မျက်ရည်များပင် ကြလာလိုက်သေးသည်။ ၀ိညာဉ်များ ခဏတော့ ကြက်သေ သေသွားကြသည်။ ဘာဆက်လုပ်ရမည်မှန်းလဲ မသိ။ အသိအရင်ဝင်လာသော ၀ိညာဉ်အိုကြီးက ထိုလူ့မျက်နှာရှေ့တည့်တည့် လက်ညှိုးထိုးလိုက်ပြီး မေးသည်။ ဒါဆို ဘာလာလုပ်သလဲ ဖြေပေါ့။ ထုံးတမ်းစဉ်လာ ဓလေ့ အရ နှစ်ကူးပြီးတိုင်း ဒီလို ပုံးအဟောင်း၊ ခွက်အဟောင်း များတီးကာ မကျွတ်မလွတ်သော ၀ိညာဉ်များကို နှင် ရန်အတွက် လာသည်ဟု မကြားတကြားဖြေသည်။ ၀ိညာဉ်များ ခေါင်းရှုပ်ကုန်ကြသည်။ ဘယ်နှယ့် သုဿန်မှာများ ၀ိညာဉ်လာနှင်ရတယ်လို့။ သူတို့ ၀ိညာဉ်တသက်နှင့် တကိုယ် မကြုံဖူးသေးဘူးလေ။ တအံ့တသြ နှင့် ထိုလူအား အထူးအဆန်းသဖွယ် ငေးမောကြည့်နေမိကြသည်။

အားလုံးက သူ့ကို ၀ိုင်းငေးကြည့်နေကြတော့ ထိုလူက သူ့မျက်နှာအား ရှက်နေပုံပြုလိုက်ပြီး တိုးတိုးလေး ရယ်လိုက်သည်။ ၀ိညာဉ်တွေစိတ်ညစ်သွားသည်။ ငိုပြလိုက်၊ ရီပြလိုက်။ တတ်လဲ တတ်နိုင်သည်။ ခုချိန်ထိ ဘာတစ်ခုမှလဲ ထိထိခိုက်ခိုက်မလုပ်ရသေး။ ခြောက်လဲ ကြောက်မည့်ပုံမပေါ်။ ဒီအတိုင်း ဆက်သွားလျှင် ကြာလျှင် ရူးနိုင်သည်။ ၀ိညာဉ်များ ရူးကုန်ကြသည်ဆိုလဲ ကျော်မကောင်းကြားမကောင်း။ ခက်သည်။ ဒီလူ့ကြောင့်တော့ ၀ိညာဉ်တွေ နာမည် ပျက်နိုင်သည်။

ဆက်ပြီး ထိုလူက ၀ိညာဉ်အိုကြီး အနားကပ်ကာ ၀ိညာဉ်တို့ပညာ ဘယ်လောက်စွမ်းစွမ်း သူ့ကိုတော့ မယှဉ်နိုင်ကြောင်း။ သူ့ ဘုန်းနှင့် သူ့ကံမှာ အလွန်မြင့်ကြောင်း။ သူလည်ပင်း၌ ဆွဲထားသော ပုတီးကုန်းမှာ ဘုရားကပေးလိုက်သော အလွန်အစွမ်းထက်သည့် ပစ္စည်းဖြစ်ကြောင်း။ ၀ိညာဉ်ဆိုသည်မှာ လူကို ဘယ်သောအခါမှ မနိုင်ကြောင်း။ မျိုးစုံအောင် စကားနာ ထိုးလေသည်။ တတွတ်တွတ် ပြောနေသော ထိုလူကိုကြည့်ပြီး ၀ိညာဉ်အိုကြီး ခေါင်းတွေ နောက်နေသည်။ အကြံလဲ ကုန်ပြီ။ ဘယ်လို နှင်ရ မှန်းလဲမသိ။ စိတ်ရှိလက်ရှိ လုပ်လိုက်ရရင်လဲ မကောင်း။

ပြီးတော့ ထိုသူက ၀ိညာဉ်များအား ဤနေရာမှ မနေရန်၊ ပျော်ရာမှာ မနေပဲ တော်ရာမှာ နေရန် ပြောသေးသည်။ ၀ိညာဉ်များ၏ တော်ရာကား ဘယ်နေရာလဲ ၀ိညာဉ်များကိုယ်တိုင်ပင်မသိ။ ခုနေရာကကော ၀ိညာဉ်များ ပျော်သည့်နေရာလား မသေချာ။ ဘာဆို ဘာမှ မစဉ်းစားတတ်တော့။ သင်ရိုးတွေ အဘိဓမ္မာတွေ ကြားမှာ ၀ိညာဉ်များ ရူးသွပ်သွားကြသည်။ ဓလေ့တွေ ထုံးတမ်းစဉ်လာတွေ ကြားမှာ အနေရခက်ကုန်ကြသည်။ စိတ်တွေ မခိုင်တော့။

ထိုသို့ ၀ိညာဉ်များ ကြောင်စီစီ ဖြစ်နေချိန်တွင် ထိုလူက သူ့ တုတ်ချောင်းကို ပြန်ကောက်ကာ သယ်လာသော ပုံးများခွက်များကို တီးလေတော့သည်။ အသံက စူးထွက်လာပြီး ၀ိညာဉ်များ၏ နား ဆီကို ဒုန်းစိုင်း ရောက်လာကြသည်။ ဘယ်လိုမှ မခံနိုင်ကြတော့။ အသံက စူးသထက်စူးလာသည်။ ကယောင်ခြောက်ခြားနှင့် ၀ိညာဉ်များလဲ ထွက်ပြေးကုန်ကြသည်။ တိုက်သည့် ကောင်ကတိုက်။ လဲသည့် ကောင်ကလဲ။ ၀ိညာဉ်များအားလုံး ဒုက္ခရောက်နေကြသည်။ နောက်ဆုံး ထိုနေရာတွင် ၀ိညာဉ် တစ်ကောင်တစ်လေမှ မရှိကြတော့…။

သုဿန်သည် အသံများ တိတ်ဆိတ်ကာ ခြောက်ကပ်ကပ် ကြီးဖြစ်သွားခဲ့သည်။
ဝိညာဉ်များ နှင့် စိုစိုပြေပြေ မရှိတော့။

ထိုအခါကျမှ အောင်နိုင်သူ အပြုံးနှင့် ရှိနေသော ထိုလူက ခေါင်းတချက်မော့လိုက်ပြီး တဖျောင်းဖျောင်းနှင့် ဆက်တီးကာ သုဿန်မှ ထွက်သွားတော့သည်။

ဝိညာဉ်များလည်း တော်ရာကို ပြောင်းရွှေ့သွားသည် ထင်သည်။ နောင်အခါ သုဿန်ဟုခေါ်သော ထိုနေရာ၌ ၀ိညာဉ် တစ်ကောက်တစ်မြှီးမှပင် ပေါ်မလာတော့။

သို့သော် နှစ်စဉ်နှစ်တိုင်း တဖျောင်းဖျောင်း အသံကတော့ ကြားမြဲ။

‘အပ္ပမာဒေန သမ္ပာဒေထ’… ။
ကောင်းသော အခြင်းအရာမှ လာခဲ့ပါစေ။


မာယာ။ ။

သိတံ ။ မျက်နှာကို ချိုသာအောင်ပြုတတ်သော မာယာ။
ဟာသ။ အသံတိုးတိုးလေးဖြင့် ရယ်ခြင်း။
ဘယ။ စိုးထိတ်ပြခြင်း။
လဇ္ဇ။ ရှက်သော အမူအရာ ဖြစ်ခြင်း။
မန္ဓ၀ါစာ။ မကြားတကြား ပြောခြင်း။
အဒေက္ခဏာ။ မျက်လုံးထောင့်ကပ်ကြည့်ခြင်း။
ရုဒါ။ မျက်ရည်ကျပြခြင်း။
ဤသံကလဟ။ စကားနာထိုးခြင်း။

3 comments:

နရစိုး said...

ဟုတ်ကဲ့ဗျ..
( သေပြီနော် =p )

Anonymous said...

ဒီဇင်ဘာ အကြိုက်ဆုံးအဖြစ်ရွေးထားတယ်

mm thinker
http://mmthinker.iblogger.org/

သဇင်ဏီ said...

ဒီပို့စ်ကလဲတော်တော်မိုက်တယ်နော်...
အတွေးကလဲလန်းတယ်...