Nov 20, 2007

ကျနော်နဲ့ ထိပ်ထား

နှင်းတစ်ပွင့်ထဲကို ပဲ လက်ခုပ်လေး နဲ့ ဆုပ်ထားမိတာပါ…….။
ဆောင်းတတွင်းလုံးစာ
ဒဏ်ရာတွေ ငါရခဲ့တယ်..။

ကျောက်သင်ပုန်းမှာ အက်ကြောင်းရာတွေထင်အောင် လျှောက်ခြစ်ပစ်လိုက်တယ်။
ဘယ်တော့များမှ ပြန်တွေ့ကြရမှာလဲ…မနက်ဖြန်လား၊ နောင်တခေတ်မှလား။ ဘယ်လောက်ကြာကြာ ကော ဝေးနေရမှာလဲ… တစ်နှစ်လား ၊ ဆယ်နှစ်လား ။ ဒါမှမဟုတ် တဘ၀လုံးလား..။ အရာရာဟာေ၀၀ါးလို့ ဘာတစ်ခုမှ မသေချာခဲ့ဘူးကွယ်။

နောက်တစ်နေ့မှာ … ကျောင်းသူလေးက ကျောင်းသားလေးကို မေးတယ်။ ‘နင်တကယ် ထွက်သွားတော့မှာပေါ့’ ..။ ကျောင်းသားလေးက ဘာမှမဖြေဘူး။ သူ့ခေါင်းကိုသာ ခပ်လေးလေး ညှိမ့်ပြတယ်။ သစ်ရွက်တွေကလည်း လိုက်ညှိမ့်တယ်။ ကျောင်းခန်းထဲက စာသင်ခုံတွေကလည်း လိုက်ညှိမ့်တယ်။ နောက်ဆုံး ကျောင်းဝန်းထဲမှာ အလေ့ကျပေါက်နေတဲ့ မြက်ပင်လေးတွေက အစပေါ့ … ခေါင်းလိုက်ညှိမ့်ကြတယ်။

အလင်းတွေကို ခူးဆွတ်ပေးဖို့ မတတ်နိုင်တဲ့အခါ
ကောင်းကင်ဟာ မှောင်နေလိမ့်မယ်…
ငါ့ နတ်သမီးလေးရယ် … ခွင့်လွှတ်ပါ။

ကျောင်းသူလေးရဲ့ ချာကနဲ လှည့်အထွက်မှာ နတ်ဆိုးရဲ့ ရယ်သံဟာ ကျောင်းသားလေးရဲ့ ပါးပြင်ပေါ်ကို စီးကျလာတယ်။ ဘယ်တိုင်းဘယ်ပြည်က ငို သံ လဲ ကွယ်။ တဆိတ်ဆူးနစ်ဝင် လွယ်လွန်းလှတယ်။ တစ်ခါတစ်ခါတော့လည်း မြက်ဖိနပ်စီးခဲ့ရတာကိုပဲ အပြစ်တင်ရမလား။ လမ်းမှာ ဆူးပေါလွန်းတာကိုပဲ .. တောက် . ခေါက်ရမလား။ ဘ၀အကြောင်း စာစီစာကုံးမှာ ကြက်ခြေခတ်တွေချည်းပဲ ချရေးချင်တယ်။

ဥသြဆိုတဲ့ အသံလေးပါပဲ
ဒါပေမယ့်
နွေတစ်ခုလုံးစာ လွမ်းလောက်တယ်။

တကယ်လို့ မြစ်တွေသာ ပြောင်းပြန်စီးဆင်းခဲ့ရင် မေခနဲ့ မလိခ တို့အကြောင်းဟာ ရင်ကွဲစရာတွေ ဖြစ်လာလိမ့်မယ်။ နင်နဲ့ ငါမှာ ရော အဲ့ဒီကျိန်စာ ပါလာသလား။ ခုလဲ တစ်နယ်ဆီ ခြား .. ငါတို့ ဝေးနေဆဲပဲလေ။ နင်မသိတဲ့ ဒီအရပ်ဟာ အော်သံတွေ ဆူညံနေတယ်။ ဓါးချင်းခတ်သံတွေဟာလဲ ကြက်သီးထစရာကောင်းလောက်အောင် လွင့်မျောလို့။ သွေးစာနေတဲ့ မြေပြင်မှာ ဟော့ဒီကောင် တိုက်ပွဲဝင်နေပါတယ်။ ထိပ်ထားရေ… ဒီဝေဒနာဟာ သံသရာချီအောင်ကြာရဲ့။

ငါ့ ဦးဆံမြေ့ ကို
ပိုင်တော်မူတဲ့ ဘုရင်မရေ…..
နင်မိန့်မှာခဲ့တဲ့ စာချွန်လွှာကြောင့်
တိုက်ပွဲမှာ ငါ သူရဲကောင်း ဖြစ်ခဲ့ပါတယ်။

ဒါပေမယ့် ထိပ်ထားရယ်. နင်ပေးဖို့ ရည်းစူးထားတဲ့ ပန်းတပွင့်ကိုတော့ ငါမရခဲ့ဘူး။ ငါတို့တွေ ဝေးနေကြတယ်လေ။ ချစ်သူတို့ ထားတဲ့သစ္စာဟာ မီးခတ်တဲ့ကျောက်မှာ ရှိတယ်။ ၀တ်ရည်ထဲမှာ ပျော်ဝင်တယ်။ မြေမှုန်တွေနဲ့ ဖန်ဆင်းပြီး ဆောင်းရာသီ ရနံ့သင်းတယ်။…. …. …. ။ အင်းဟုတ်ပြီ ..။ ဒါလောက်လေးနဲ့ပဲ ငါတို့ကျေနပ်ကြရအောင်။ ပြီးတော့ နင့် တိုင်းပြည်ကို ငါ ပြန်ဝင်တဲ့ အခါ စကားဝှက်ပြောဖို့လိုတယ် မှလား။ အဲ့ဒါဟာ သစ္စာတွေအကြောင်း ဖြစ်ကောင်းဖြစ်မှာပါ။ ခုကော ငါ့ကို နင်.. ၀တ်ကျေတန်းကျေ လွမ်းနေသေးလား…….။ ချိုကြည် လွင်မြ နေဆဲ.. နင့် မျက်ဝန်းလေး…….. အဲ့ဒါဟာ ..ငါ့ရင်ထဲ ၀င်ဖို့ စကားဝှက် ဖြစ်တယ်။

ထိပ်ထားရေ…
အလွမ်းပန်းခွေချခံရတဲ့ အာဇာနည်ဟာ မျက်ရည်ကျဘူးတယ်ကွဲ့…။
ဘာလို့ပဲ ဖြစ်ဖြစ်ပါ
ကျွန်လို တစ်လှည့်၊ သူရဲကောင်းလို တစ်လှည့်
ငါ နှုတ်ဆတ်ခဲ့တယ်။
သွား မယ် ကွယ်…. ။

5 comments:

Mintasay said...

တကယ်မိုက်တယ်

Anonymous said...

အာ အသေမိုက်တယ်..... နင်အဲလောက်တော်မှန်းခုမှသိတယ် အဟဟား =D(နောက်တာမဟုတ်ပါဘူး အတည်ကြီးပြောတာ) ပါရမီလားဟင် ၊ ပါရမီမဟုတ်ရင်တော့ ငါ့ကိုလဲ ပညာတွေဝေမျှပါအုန်းလို့ .. ရတယ်ဟုတ် ..

Eduking said...

တကယ် ကောင်းတယ်ဗျာ.. ရစ်သမ်တွေ တစ်ခုပြီးတစ်ခု တူနေတယ်
အဲဒီလိုမျိုး စာတွေ နောက်လည်း များများ မက်နိုင်ပါစေ... နတ်ကလေးရေ

Sophie said...

အရမ်းမိုက်တယ် သိလား . . .ရှယ်ဘဲ . . . စူပါရှယ် . . .တကယ်ရှယ့် . . .ရှယ်ရှယ့်ရှယ် . . . .

Anonymous said...

ကောင်းပါတယ်ဟယ်...အရမ်းကိုကောင်းပါတယ်.... တကယ်ကိုလည်း heart ထိပါတယ်.... =)