Nov 7, 2007

ပင်လယ်ထဲက လှေ

လှိုင်းတွေက သူ့ကိုယ်သူ ပင်လယ်ကနေ ဆွဲမပြီး လှေကလေးကို ခပ်ပြင်ပြင်း ရိုက်ချလိုက်တယ်။ဆတ်ခနဲ ကောက်ထလိုက်တာက လွဲရင်..မမှုတော့ပါဘူးလေ။ဒီလိုနဲ့ အိပ်ယာဝင်၊ အိပ်ယာထ လာခဲ့ရတာ အတော်ကြာပြီကိုး။ သစ်နေကြ ပင်လယ်ရေနဲ့ပဲ လန်းဆန်းသွားအောင် လုပ်လိုက်တယ်။ အိတ်ခွံထဲ မှာ ပေါင်မုန့် နှစ်ချပ်က နွမ်းချိနေပြီ။ ဒါကိုပဲ သူက မြိန်ရေရှက်ရေ စားပစ်လိုက်တယ်။

ဘယ်တော့များမှ ကမ်းကို မြင်ရမှာလဲ….. ခရီးသွား သင်္ဘောတစ်စီးစီးလောက်နဲ့ တွေ့ရင်ကောင်းမယ်။

မေးခွန်းတွေ၊ မျှော်လင့်ချက်တွေ နဲ့ ထုံးစံအတိုင်း သူ့ကိုယ်သူ မီးမြှိက်နေတယ်။ ပြီးမှ.. ပူပြင်းတဲ့ နေရောင်ကို မကျေနပ်သလို ကြည့်ပြီး တောက်. တစ်ချက်ခေါက်လိုက်တယ်။ ပင်လယ်ကတော့ မုဆိုးဆန်ဆန် ပြုံးနေလေရဲ့။



သူတို့ ကုန်တင်သင်္ဘောငယ်လေး ပင်လယ်ထဲ စ၀င်ပြီး သိပ်မကြာခင်မှာပဲ မုန်တိုင်းမိပြီး မြုပ်လေသည်။

အခြားအဖော်များကတော့ မသိ။သူကတော့ စားနပ်ရိက္ခာ တစ်သတ္တာနှင့် လှေငယ်တစ်စင်းကို သူ့ သင်္ဘော ကပ္ပတိန်ဆီမှ လုယူကာ အသက်လု ထွက်ပြေးခဲ့သည်။ ခုချိန်ထိ ဘယ်သောင်ဘယ်ကမ်း ကိုမှ ရေးရေးမျှပင် မမြင်ရသေး။ ‘အရာဝတ္ထုတိုင်း၌ အလျား၊အနံ၊အမြင့် နှင့် အချိန် ရှိသည်’ ဟု စာအုပ်တစ်အုပ်၌ သူဖတ်ဖူး၏။ ထိုသို့ ဆိုလျှင် ယခု သူရောက်ရှိနေသော ပင်လယ်၏ အလျားတစ်ခုနှင့် ထိနေသော ကမ်းစပ်တစ်ခုသို့ ရောက်ရန် အချိန်မည်မျှ ကြာမည်နည်း။သူ မသိ။ သူသည် စတီဗင်ဟော့ကင်း မဟုတ်။ အိုင်းစတိုင်း မဟုတ်။ ရလေတစ်ဗတီ သီအိုရီကို သူမသိ။ သင်္ချာ သဘောတရား ကို သူနားမလည်။ ထို့ကြောင့် ဤပင်လယ်ထဲ ၌ တ၀ဲလည်လည် ဖြစ်နေရသည်။

စတီဗင်ဟော့ကင်း ကိုယ်တိုင်ဆိုလျှင်လဲ လွတ်နိုင်မည်မထင်။ သူက လှေလှော်ဖို့ရန် ပင် မတတ်နိုင်သည်ကိုး။ အိုင်းစတိုင်းကတော့ မပြောတတ်။ သူလှေလှော်တတ်ကြောင်း သမိုင်းထဲ၌ ပါမလာ။ လောက၌ တစ်ချို့ချို့သော ကိစ္စများသည် သီအိုရီဖြင့် အောင်နိုင်ချင်၍ မရ။ ထာဝရဘုရားသခင် (ရှိခဲ့သည်ဆိုလျှင်) ကိုယ်တိုင်လဲ ဤလူ့ကမ္ဘာကြီးအား သီအိုရီ များ ဖော်မျူလာ များနှင့် ဖန်ဆင်းခဲ့သည် ဟု မကြားဖူးပါ။ ဘာပဲ ဖြစ်ဖြစ်လေ.. လောလောဆယ်တော့ ဒီပင်လယ်ပြင်ကနေ လွတ်မြောက်နိုင်မှ ဖြစ်မည်။ ဒါမှ သူအသက်ဆက်ရှင်နိုင်မည်။ ရေနှင့် စားနပ်ရိက္ခာကလည်းကုန်ခန်းလုပြီ။



မယ်မယ်ရရ လုပ်စရာမရှိတော့လည်း အတွေးများက ဟိုတစ်စဒီတစ်စ သူ့ခေါင်းထဲ ၀င်လာသည်။ သူသာ မဟာဇနက အလောင်းတော်ဖြစ်ခဲ့လျှင် ရေထဲ ဒိုင်ပင်ထိုးဝင်ကာ ဦးတည်ရာ တစ်နေရာသို့ မနားတမ်း ရောက်အောင် ကူးမိမည်လော။ မသေချာ။ သူ့ထံ ၌ ဇွဲမရှိ။ တစ်ကိုယ်လုံးသုတ်လိမ်းရန် နှင့် အစာခံအောင် စားသွားရန် ထောပတ် မရှိ။ လက်ပန်းကျနေချိန်တွင်ပင် လာကယ်ရန် မေခလာ နတ်သမီးမရှိ။ ထို့ကြောင့် ရှိနေသည့် သူ့လှေကလေးဖြင့်ပင် အရပ်မျက်နှာ တစ်ခုသို့ (ကမ်းတွေ့လို တွေ့ငြား) လှော်ခတ် ခဲ့ရသည်။ နေရောင်က ခုချိန်ထိ ပူပြင်းတောက်လောင် ကောင်းတုန်းရယ်။ မိုးမယ့်ကာမယ့် အရာ မရှိတော့ ပင်လယ်ပြင်ကလည်း တံလျှက်ရောင် တဖြန်းဖြန်းနဲ့ ကျိန်းစပ်နေသည်။ သူလှေကလေးနှင့် သူ လည်း အတော်ပင် စုတ်ပြတ်နေပြီ ဖြစ်သည်။ အခုလို ကျတော့လည်း ဒီ ကုန်တင်သင်္ဘောနဲ့ အစတည်းက မလိုက်ခဲ့ရင် ကောင်းသားဟု သူ နောင်တရနေမိသည်။ ကိုယ်ပိုင်မြေ တစ်ကွက်ဝယ်ရန် ပိုက်ဆံလို သောကြောင့် သူ ဒီသင်္ဘောနှင့် လိုက်ခဲ့ရခြင်း ဖြစ်သည်။ ခုတော့ သူပိုင်သည့် (ပိုင်သည်ဟု ဆိုနိုင်သည့်) မြေက လှေငယ်လေး တစ်စင်း စာရယ်။ ကမ်းမတွေ့လို့ ပင်လယ်ထဲ၌ပင် သူသေသွားလျှင်လည်း သူ့ကို မြှပ်စရာ မြေနေရာ တစ်ပေပတ်လည် မျှပင်မလို။ ကဲ….. လောကရယ် တစ်ကိုယ်လုံး လောင်ကျွမ်း တောက်လောင် ပြနေခဲ့ရင်တောင်မှ ရလဒ်က ပြာမှုန်တွေတဲ့လား…။ ဖြစ်နိုင်လျှင် ဘ၀ကို အဲ့ဒီကနေ စချင်သည်။ နောက်ထပ် လောင်ကျွမ်းစရာ မလိုတော့။



အမှောင်က ညနေပျိုကို လောကကြီးအား လက်ဆောင်ပေးလိုက်သည်။ အလားကားရတော့ လောကကြီးကလည်း ခပ်တည်တည်နှင့် လက်ခံလိုက်သည်။ ဒါကပဲ မုန်တိုင်းရဲ့ အစ ဖြစ်ခဲ့တော့တယ်။ ပင်လယ်က သူနှင့် သူ့လှေကလေးကို စတင် ကျီစားပြီ။ လေပြည်က တဖြည်းဖြည်းနှင့် ပြင်းထန်လာပြီး ကောင်းကင်က အတင်းကြီး မှောင်ညစ်ပြနေသည်။ မာယာ…………………..။ သူနှင့်ရင်နှီးနေသော စကားလုံး။ အ၀တ်အစား၏မာယာ၊ အလှတရား၏ မာယာ၊ ၀က်သားတုတ်ထိုး၏ မာယာ၊ ချစ်သူ၏ မာယာ၊ အပြုံး၏ မာယာ၊ နပိုလီယန်၏ စစ်ပရိယာယ်မာယာ၊ လောက၏ မာယာ၊ အရာအားလုံး၌ ရှိသော မာယာ။ မာယာ၏ မာယာ။ ယခု… သူ့ကို ပင်လယ်ပြင်က…မာယာပြပြီ။ ကချေသည်က. အကကွက် တွေကို တစ်ကွက်ခြင်း ထုတ်ပြသလိုမျိုး…. မာယာတွေကို လွှာချပြနေသည်။ လေပြင်းက ငြိမ်သွားပြန်ပြီ။ အမှောင်ကတော့ နောက်ထပ်ပြန်မလင်း နိုင်တော့သော အခြေအနေ။ မုန်တိုင်းကျတော့မှာလား…။ သူ့စိတ်တွေ ခြောက်ခြားသွားသည်။ ယိုင်နဲ့နေသော ခန္ဓာကိုယ်ကို တည့်မတ်ရင်း သူ့ကိုယ်သူ အားတင်းကြည့်သည်။ မရ…. ။ သူ အနည်းငယ်စိတ်ပျက်သွားသည်။ ဒီတစ်ခေါက် မုန်တိုင်းကျလျှင် သူတော့ သေပြီဟုထင်နေသည် (သို့မဟုတ်) သိနေသည်။ ရုတ်တရက် သူ့မြင်ကွင်းထဲမှာ သင်္ဘောတစ်စင်း….။ ဟုတ်တယ် ..အဲ့ဒါသင်္ဘော ပဲ။ သူ့အပျော်တွေ အရောင်လက်သွားသည်။ လှော်တက်ကို ကောက်မ လိုက်ပြီး ထိုသင်္ဘောဆီသို သူ စတင်လှော်ခတ်လိုက်သည်။ မျှော်လင့်ချက် များကတော့ သူ့ရင်နှင့် အပြည့်။ သင်္ဘောကလည်း သူ့ဆီ လာနေပုံရသည်။ အားတင်းပြီး ခပ်မြန်မြန် လှော်လိုက်သည်။ မုန်တိုင်းကလည်း သူ့ကို စောင့်မည်မထင်။ သူ လှော်နေသည်။ သူ့လှေ သေးသေးလေး ၏ ဘေးပတ်ပတ်လည်မှာ ကြီးမားသော လှိုင်းဂယက်များ အဆက်မပြတ် ထွက်နေသည် အထိ လှော်သည်။ စိတ်လိုတိုင်းတော့ ခရီးမရောက်။ သင်္ဘောက သူ့လှေကလေးကို မြင်သွားပြီး ကယ်တင်ဖို့ သူ့ဖက်ကို ဦးလှည့်လိုက်သည်။ ဟုတ်သည် .. တကယ်လာနေပြီ။ ထို့အတူ ပင်လယ်ကလည်း တပ်မဟာ ပေါင်းများစွာနဲ့ သူ့ဆီလာနေပြီ။ သူစိတ်တွေလည်းအားမလို အားမရ ဖြစ်နေသည်။ ရွှီ.. ဆိုပြီး ခရာ မှုတ်လိုက်လို့ တာထွက်လာတဲ့ အပြေးသမားတွေလိုမျိုး လေရာ . မိုးရော ရွာကျလာသည်။ ကောင်းကင် ကလည်း အနက်ရောင် ပြောင်းသွားလေပြီ။ စပြီ။ သူနှင့် ပင်လယ် တို့ရဲ့ တိုက်ပွဲ….။ သူ့ ၀ိညာဉ်ကလည်း ဘယ်လို မုန်တိုင်းလာလာ ရိုက်ခွဲ ပစ်ဖို့ အဆင်သင့်။ သူ့ လှေကလေးနှင့် သင်္ဘောကြီးကလည်း အတော်ပင် နီးနေပြီ။ ရုတ်ချည်းဆိုသလို ပင်လယ်က သူ့ကိုယ်သူ မွှေ့ပစ်လိုက်သည်။ ၀ဲဂယက် တစ်ခု ဖြစ်ပေါ်လာပြီး သူ့လှေကလေး ရမ်းခါသွားသည်။ အားစိုက်ပြီး သူလှော်သည်။ တိုက်ပွဲမှာ သူရဲကောင်းက သူ့ဓါးကို မြဲနေအောင် ဆုပ်ကိုင်ထား သလိုပါပဲ… လက်ထဲက လှော်တက်ကလည်း သူ လက်လွှဲရာ လိုက်ပါနေတယ်။ လေထုဖိအား အရမ်းပြင်းလာသောကြောင့် သူ့နားတွေလဲ အူနေသည်။ တဖြည်းဖြည်းနှင့် ဘာသံမှ ကို မကြားနိုင်လောက်တော့တဲ့ အထိ သူ့ခေါင်းတွေ မူးရီနေသည်။ ခဏကြာတော့ ၀ဲဂယက်တစ်ခု ကလွဲပြီး သူ့လှေကလေးနှင့် သင်္ဘောကြီး ကြားမှာ ဘာမှမရှိတော့တဲ့ အခြေအနေကို ရောက်ရှိသွားသည်။ သူ ဆုံးဖြတ်လိုက်တယ်။

နောက်ဆုံး အားအင်တွေသုံးပြီး သူ့လှေကလေးကို အဲ့ဝဲဂယက် ကနေ ဖြတ်ကာ ဖောက်ထွက်ပစ်လိုက် တယ်။ ဒါပေမယ့် ၀ဲဂယက် က သူ့လှေသေးသေးလေးကို အလွယ်တကူပဲ ဆွဲမွှေ့ပစ်လိုက်တယ်။ သူ့လှေကလေး ချာချာလည်ကာ မြုပ်ချင်ချင် ဖြစ်သွားသည်။ သူ…. ဆက်လှော်တယ်။ သူရယ်၊ သူ့ ၀ိညာဉ်ရယ်၊ လှော်တက်ရယ်၊ လှေကလေး ရယ် တသားထဲ ကျသွားတဲ့အထိ သူ လှော်ပစ်လိုက်တယ်။

………….။ လွတ်သွားပြီး။ အင်း ..ဟုတ်တယ်။ အဲ့ ၀ဲဂယက် ကနေ သူ့လှေကလေး လွတ်သွားပြီ။ အဲ့ဒီမှာ ဖြတ်ခနဲ သင်္ဘောကြီးရဲ့ ကိုယ်ထည်နဲ့ ထိပ်တိုက်သွားတွေ့တယ်။ သင်္ဘောကြီး ကို သူလှမ်းအော်လိုက်တယ်။ သူ ဒီမှာ ရှိကြောင်း..။ ဒါပေမယ့် သူ့ အသံက ထွက်မလာဘူး။ သူ အော်တယ်။ သင်္ဘောကြီးက မကြားဘူး။ အသံက မထွက်တော့ သူအော်နေတာသင်္ဘောကြီးက မကြားဘူး။ ဒါနဲ့ ပဲ .. ပင်လယ်က ပို့ ပေးလိုက်တယ် ထင်ပါရဲ့.. ။ သင်္ဘောကြီး ရဲ့ ဦခေါင်း အောက် သူ့ လှေကလေး ရောက်သွားတယ်။ ‘၀ုန်း……….’ ဆိုတဲ့ အသံ က ခပ်အုပ်အုပ် ထွက်လာတယ်။ ဒါလေးပဲ…..။

ဒါလောက် လေးပါပဲ………..။ နောက်တော့ သူ့ လှေကလေးနဲ့ အတူ သူပါ မြုတ်သွားတယ်။

ပြီးသွားခဲ့ ပြီလေ..။ မုန်တိုင်းလဲ ငြိမ်ကျသွား ပြီ။ သင်္ဘောကြီးကလဲ သူ့လမ်းပေါ် သူပြန်ရောက်သွားပြီ။ ပင်လယ်ကတော့ မုဆိုးဆန်ဆန် ခပ်တည်တည်ရယ်……………………………………………….။

2 comments:

နှံကောင် said...

ပင်လယ်ကပဲမာယာများတာလား ကံကိုကပဲသိပ်ဆိုးသွားတာလား
ရေးထားတာတော်တော်လေးကောင်းပါတယ် ... =)

နရစိုး said...

=) .. အင်း..ကျေးဇူး