နွေဦးကိုရောက်တော့ ဘုရားသခင်က ကဗျာတစ်ပုဒ်ရေးတယ်။ သစ်ရွက်ကလေး ကြွေလာသလို ဘုရားသခင် လက်က လွတ်ကျသွားတဲ့ အဲ့ကဗျာလေးဟာ ကမ္ဘာမြေမှာ ပန်းရောင်စုံ ပွင့်တဲ့ တိုင်းပြည် လာဖြစ်ရဲ့..။ အဲ့ဒီ တိုင်းပြည်မှာ ခေတ်ကိုပန်ထားတဲ့ ကမ္ဘာမြေရဲ့ ပန်းတွေ ပွင့်ကြတယ်။ ဒါကြောင့် လေပြည်တစ်ဝှေ့က အစ မွှေးမြ ဖြူစင်လွန်းအားကြီး နေတာပေါ့။
နတ်တို့ရွာက အလင်းနဲ့ အုပ်မိုးလို့ ထား .. အဲ့ဒီတိုင်းပြည်ကို ‘ကျောင်းတော်’ လို့ ခေါ်တယ်။
စံပယ်တွေ ခြံရံပြီး နက္ခတ်တွေ လှလှပပ ပွင့်တဲ့ နေ့ပေါ့… အဲ့ဒီနေ့မှာ ကျောင်းတော်ကို စဖွင့်တယ်။
ပန်းတွေ ပန်းတွေ…. အထွေးလိုက် အဆုပ်လိုက် ပွင့်ဝေ…
ကမ္ဘာဦးရဲ့ သက်တန့်ရောင် ဟာ အဖြူနဲ့ အစိမ်းက စတယ်။ မယုံတဲ့ လူ လဲသေလိုက်။
ဒို ရေ မီ ဖါ ဆို လာ တီ ဒို … ပန်းပွင့်တွေရဲ့ ရစ်သမ်ဟာ သရဏဂုံ သုံးပါးဖြစ်တယ်။ ကမ္ဘာမကြေ မြန်မာပြေ ဖြစ်တယ်။ မင်္ဂလာပါ ဆရာမ ဖြစ်တယ်။ ရှိပါတယ်ခင်ဗျ ဖြစ်တယ်။ စာအံသံတွေ နဲ့ ….. အဲ့ဒီတိုင်းပြည်ကို ‘ကျောင်းတော်’ လို့ ခေါ်တယ်။
သောက်ရေအိုးစင်၊ မုန့်ဟင်းခါးနဲ့ အမျှဝေသံ ပေါတဲ့ အဲ့ဒီတိုင်းပြည်မှာ မိခင်ဆန်ဆန် အပြုံးတွေရှိတယ်။ မိုးရာသီနဲ့ အောင်စာရင်းရှိတယ်။ စာသင်ခုံတွေ ရှိတယ်။ ပိတောက်ပင် ရှိတယ်။ မုန့်ဈေးတန်း ရှိတယ်။ ဘုရားစင် ရှိတယ်။ ခေါင်းလောင်းသံ ရှိတယ်။ သဲမြေပြင်ကို ရေဖျန်းထားတဲ့ ရနံ့တွေ ရှိတယ်။ စာကြည့်တိုက် ရှိတယ်။ မာလကာသီး ရှိတယ်။ လွယ်အိတ်တွေ ရှိတယ်။ ဘုရင့်နောင် အသင်း ရှိတယ်။ ညှပ်ဖိနပ်သံတွေ ရှိတယ်။ ကမ္ဘာကစောင့်နေတဲ့ မျက်ဝန်းတွေ ရှိတယ်။ သုညတွေ ရှိတယ်။ ကျောက်သင်ပုန်းကို မြေဖြူက လာထောက်တဲ့ အသံတွေ ရှိတယ်။ စိန်ပြေးလိုက်တမ်း ရှိတယ်။ စာအုပ်နဲ့ ခဲတံ ကိုင်ထားတဲ့ သူရဲကောင်းတွေရဲ့ တိုင်းပြည်……….
အဲ့ဒီတိုင်းပြည်ကို ‘ကျောင်းတော်’ လို့ ခေါ်တယ်။
ပြီးတော့ .. ပန်းပွင့်တွေ…
သူတို့ကိုယ်သူတို့ ဆွဲပွင့်တတ်ဖို့ အဲ့ဒီတို်င်းပြည်မှာ သင်ခန်းစာ အပြည့်ရှိတယ်။
ဂြိုလ်ကိုးလုံးအကြောင်း၊ လျှပ်စစ်မီးသီး အကြောင်း၊ ဗိုလ်ချုပ်အောင်ဆန်း အကြောင်း၊ ကိန်းဂဏန်းများ အကြောင်း၊ အောက်ဆီဂျင်နဲ့ ရေ အကြောင်း သင်တယ်။ နောက်ပြီး အမြဲစိမ်းတော အကြောင်း၊ မူဆိုလိုနီ အကြောင်း၊ အရှင်မဟာ ရဋ္ဌသာရ ၏ ကဗျာများ၊ ဦပုည၏ ပြဇာတ်၊ မပုကြွယ်နှင့် ခရုငယ်၊ မျက်မမြင် ကောင်လေး အကြောင်း၊ ဖားအကြောင်း၊ ဒုတိယကမ္ဘာစစ်အကြောင်း၊ အေသင်မြို့မှ အပြေးသမား အကြောင်း၊ ဘုရင့်နောင် အကြောင်း… ။ …………။ စုံလို့ ပါပဲ။ ဘ၀အကြောင်း သင်ရိုး တွေနဲ့
အဲ့ဒီတိုင်းပြည်ကို ‘ကျောင်းတော်’ လို့ ခေါ်တယ်။
‘ကျောင်းတော်’ ဟာ သူသိပ်ချစ်တဲ့ ပန်းပွင့်တွေကို ရင်နဲ့ အမျှထွေးပွေ့ ခဏခဏ ငုံ့နမ်းလေ့ရှိတယ်။ ဒါပေမယ့် ဘယ်ပန်းတစ်ပွင့်ကို မှ သူ့လက်နဲ့ ဖမ်းဆုပ် မထားခဲ့ဘူးလေ။
ဒီလိုနဲ့ နှင်းစက်တွေ တစ်ဖွဲဖွဲ ရွာကျ .. ခိုက်နေအောင် ချမ်းလာတဲ့ အခါ ..
သူ့ကိုယ်ပေါ်က နှင်းစက်တွေကို ‘ကျောင်းတော်’ က ခါချလိုက်တယ်။
အဲ့ဒီအချိန်ဟာ ကျောင်းပိတ်ချိန် ဖြစ်တယ်။
Subscribe to:
Post Comments (Atom)
3 comments:
သိပ်တော့မကောင်းဘူး .... လွမ်းအောင်လုပ်ထားလို့ ... =P
ကောင်းတယ်ဗျ
စာတွေဖတ်ပြီး
ကျောင်းကို အသေအလဲလွမ်းသွားတယ်။
နှင်းဆီနီနီ။။
Post a Comment